(၈-၉-၂၀၂၆၊ ကော်လ်ကတ္တား)
အိန္ဒိယနိုင်ငံ၊ ဘားရတ်ကုန်သည်ကြီးများအသင်း (Bharat Chamber of Commerce –BDD) မှ ကော်လ်ကတ္တားမြို့ရှိ Science City Ground တွင် ကျင်းပပြုလုပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံတကာကုန်စည်ပြပွဲ (၂၀၂၆) (India Global Grand Trade Fair -IGGTF, 2026) ၏ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၇ ရက်နေ့၊ အိန္ဒိယဒေသစံတော်ချိန် ၁၆၀၀ နာရီတွင် ကျင်းပခဲ့ရာမြန်မာကောင်စစ်ဝန်ချုပ်က ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အနောက်ဘင်္ဂလားပြည်နယ်၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း၊ အိုးအိမ်နှင့်ကျောင်းသင်ပညာရေးဝန်ကြီး Mr. Dipak Barman၊ ဘင်္ဂလားဒေ့ရှ် ဒုတိယမဟာမင်းကြီး၊ ရုရှားကောင်စစ်ဝန်ချုပ်၊ ဘူတန်၊ ထိုင်းနှင့်မြန်မာ စီးပွားရေးသံမှူးများ၊ အိန္ဒိယဗဟိုအစိုးရနှင့် အနောက်ဘင်္ဂလားပြည်နယ် အစိုးရဌာနများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြခန်းပြသသူများ တက်ရောက်ခဲ့ကြသည်။ IGGTF 2026 အား စက်တင်ဘာလ ၄ ရက်မှ ၂၁ ရက်အထိ ကျင်းပလျက်ရှိပြီး အိန္ဒိယနိုင်ငံရှိ ပြည်နယ် ၁၇ ခုနှင့် နိုင်ငံ ၇ နိုင်ငံမှ ပြခန်း ၃၀၀ ပါဝင်ပြသလျက်ရှိကြောင်း သိရပါသည်။ ကုန်စည်ပြပွဲသည် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များအကြား ကွန်ရက်ချိတ်ဆက်မှုနှင့် ဈေးကွက်အခွင့်အလမ်းများ ဖော်ထုတ်နိုင်ရေးအတွက် ပလက်ဖောင်းတစ်ရပ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်က အမှာစကားပြောကြားရာတွင် နှစ်နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ပထဝီအနေအထားအရ နီးကပ်မှုများသည် စီးပွားရေးနှင့်ကုန်သွယ်မှုတိုးမြှင့်ရန် ခိုင်မာသောအခြေခံဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ပို့ကုန်သစ်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် နှစ်နိုင်ငံ အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လက်ရှိ ပို့ကုန်/သွင်းကုန် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေး၊ ဆေးဝါး၊ အထည်ချုပ်၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ စသည့်ကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် အိန္ဒိယလုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့သည်။ နှစ်နိုင်ငံစီးပွားရေး အလားအလာများကို အပြည့်အဝဖော်ဆောင်နိုင်ရန် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လိုပါက ကော်လ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် B2B ချိတ်ဆက်မှုများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်၏ ပါဝင်တက်ရောက်မှုနှင့် အမှာစကားပြောကြားမှုသည် မြန်မာ–အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို အိန္ဒိယစီးပွားရေး အသိုက်အဝန်းထံ မိတ်ဆက်ပေးရေးနှင့် နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍအကြား စီးပွားရေးချိတ်ဆက်မှုများ ပိုမိုခိုင်မာစေရေးအတွက် အထောက်အကူပြုခဲ့ပါသည်။




