မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရမှ လုံခြုံရေးဆိုင်ရာဝန်ကြီး the Hon. Mr. Tang Ping-keung အား ၇-၈-၂၀၂၆ ရက်၊ ၁၁၃၀ နာရီတွင် ၎င်း၏ရုံးခန်း၌ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်က ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် (၉၄) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံအား ဟောင်ကောင်ဒေသ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာပြောကြားခဲ့ပြီး၊ ဟောင်ကောင်ဒေသအစိုးရမှ ပြီးခဲ့သည့်နှစ်တွင် မန္တလေးငလျင်ကြီးပြီးနောက် မြန်မာနိုင်ငံသို့ ကျွမ်းကျင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ပေးခဲ့မှုနှင့် ထောက်ပံ့ကူညီပေးခဲ့မှုများအတွက်လည်းကောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်းများ၊အလုပ်ရုံဆွေးနွေးပွဲများနှင့် ညီလာခံများသို့ ပါဝင်တက်ရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်မှုများအတွက်လည်းကောင်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ဟောင်ကောင်လုံခြုံရေးဗျူရိုနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ ဟောင်ကောင်ဒေသအစိုးရမှ ဖွင့်လှစ်ပို့ချသည့် ရှာဖွေကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းများတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ပိုမိုပါဝင်တက်ရောက်နိုင်ရေးနှင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဟောင်ကောင်ပြည်ဝင်ဗီဇာ လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေးတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး
ဟောင်ကောင်မြို့၊
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်

