နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် Mr. Wei Ran အား ၁၃-၈-၂၀၂၆ ရက်၊ နံနက်(၉.၃၀)နာရီတွင် တရုတ်နိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်ဒေသနိုင်ငံခြားရေးရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်က လာမည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း နန်နင်းမြို့၌ ကျင်းပမည့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ (CABIS) သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည့်ကိစ္စများ၊ မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ၊ ပညာရေးကဏ္ဍတွင် ပညာသင်ဆုပေးအပ်မှုများနှင့် ဉာဏ်ရည်တုနည်းပညာ (AI) ကဲ့သို့သော ခေတ်မီနည်းပညာရပ်များတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ် Mr. Wei Ran က (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲ (CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ (CABIS) သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဟု သိရှိရသဖြင့် နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ ကွမ်ရှီးဒေသအနေဖြင့် မြန်မာနိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန်နှင့် ယဉ်ကျေးမှု၊ ပညာရေးကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ထို့ပြင် ဉာဏ်ရည်တုနည်းပညာ (AI) နှင့် ဆန်းသစ်တီထွင်မှုကဏ္ဍများတွင် အတွေ့အကြုံဖလှယ်ပူးပေါင်းခြင်းသည် နှစ်ဖက်ဆက်ဆံရေးအတွက် တွန်းအားသစ်တစ်ရပ် ဖြစ်လာစေမည်ဖြစ်ကာ နှစ်နိုင်ငံပြည်သူများအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်နှင့် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံခဲ့ခြင်း (၁၃-၈-၂၀၂၆၊ နန်နင်း)

