မြန်မာကောင်စစ်ဝန်ချုပ်မှ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးနှင့် ပညာရေးဝန်ကြီးတို့အား သီးခြားစီ သွားရောက်ဂါရဝပြုတွေ့ဆုံ

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရမှ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး the Hon. Ms. Bernadette LINN အား ၂၀-၇-၂၀၂၆ ရက်၊ ၁၄:၃၀ နာရီတွင် လည်းကောင်း၊ ပညာရေးဝန်ကြီး the Hon. Dr. Christine CHOI အား ၂၄-၇-၂၀၂၆ ရက်၊ ၁၅:၀၀ နာရီတွင်လည်းကောင်း ၎င်းတို့၏ ရုံးများ၌ သီးခြားစီ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ရှေးဦးစွာ မြန်မာကောင်စစ်ဝန်ချုပ်က ဟောင်ကောင်ဒေသ၏ မြောက်ပိုင်းမြို့ပြစီမံကိန်းအပါအဝင် မြို့ပြစီမံကိန်းများနှင့် ဖွံ့ဖြိုးရေးကဏ္ဍ၊ ဆောက်လုပ်ရေး နှင့် ဗိသုကာကဏ္ဍ၊ ပြတိုက်များနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကဏ္ဍတို့တွင် တိုးတက်အောင်မြင်နေမှုများအပေါ် အသိအမှတ်ပြုချီးကျူးခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသ တို့အကြား ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး နည်းပညာများနှင့် အတွေ့အကြုံများ အပြန်အလှန်မျှဝေနိုင်ရေး၊ ရှေးဟောင်းယဉ်ကျေးမှုလက်ရာပြပွဲများ ပူးတွဲကျင်းပနိုင်ရန် အခွင့်အလမ်းများ ရှာဖွေနိုင်ရေး၊ မြို့ပြစီမံကိန်း၊ ဆောက်လုပ်ရေးနှင့် ဗိသုကာကဏ္ဍနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးကဏ္ဍတို့နှင့်စပ်လျဉ်း၍ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များ၏ အပြန်အလှန်ခရီးစဉ်များ စီစဉ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများပြုလုပ်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးတို့အပေါ် နှစ်ဖက်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ပညာရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံနှင့် ဟောင်ကောင် ဒေသတို့အကြား ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားမှုကို အသိအမှတ်ပြုလျက် ဟောင်ကောင်ဒေသအစိုးရမှ မြန်မာကျောင်းသား၊ ကျောင်းသူများအား ဟောင်ကောင်ဒေသရှိ တက္ကသိုလ်များ၌ ပညာသင်ကြားခွင့်ရရှိစေရန် ရပ်ဝန်းနှင့်ပိုးလမ်းမ ပညာသင်ဆုများ ပေးအပ်လျက်ရှိမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ အဆင့်မြင့်ပညာကဏ္ဍတွင်သာမက အခြေခံပညာကဏ္ဍတွင်ပါ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အခွင့်အလမ်းများ ရှာဖွေနိုင်ရေး၊ မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ဆုများ တိုးမြှင့်ပေးအပ်နိုင်ရေး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအပါအဝင် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များ၏ ခရီးစဉ်များ အပြန်အလှန် စီစဉ်နိုင်ရေးတို့အပေါ် နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး

ဟောင်ကောင်မြို့

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်