မြန်မာကောင်စစ်ဝန်ချုပ်နှင့် ကွမ်ရှီးကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံခဲ့ခြင်း(၁၁-၅-၂၀၂၆၊ နန်နင်း)

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် မေလ ၁၁ ရက်နေ့တွင် ကွမ်ရှီးကုန်သွယ်ရေးဦးစီးဌာန(Department of Commerce of Guangxi) သို့ သွားရောက်၍ ညွှန်ကြားရေးမှူးချုပ် Mr. Zou Zhanye နှင့်အဖွဲ့အား သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် ကောင်စစ်ဝန်ချုပ်က နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် လုပ်ငန်းချိတ်ဆက်မှုဆွေးနွေးပွဲ ကျင်းပသွားရန်ကိစ္စ၊ MSME ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ လယ်ယာထွက်ကုန်များ ပြသရောင်းချရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (နေရောင်ခြည်နှင့် Waste-to-Energy) စီမံကိန်းများ အကောင်အထည်ဖော်ရေးနှင့် တရုတ်-အာဆီယံ ဉာဏ်ရည်တု (AI) အသုံးချမှုစင်တာ ဖွင့်လှစ်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့ရာ ညွှန်ကြားရေးမှူးချုပ် Mr. Zou Zhanye က ကြိုဆိုခဲ့ပြီး ဖိုရမ်ကျင်းပရေးကို ကောင်စစ်ဝန်ချုပ်ရုံး နှင့် ပူးပေါင်းသွားမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ စက်မှုဇုန်များ၊ ဆောက်လုပ်ရေး၊ စွမ်းအင်နှင့် AI ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် လိုလားကြောင်း၊ မြန်မာ MSME များအတွက် စွမ်းဆောင်ရည် မြှင့်သင်တန်းများ စီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။