မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့သည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ ရိုးရာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် ဟောင်ကောင်ဒေသ၊ Cyberport ရှိ Le Méridien ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကော်မရှင်နာရုံးမှ ဒုတိယကော်မရှင်နာ H.E. Mr. Hua You၊ ဟောင်ကောင်ဒေသအစိုးရ၊ အကောက်ခွန်ဦးစီးဌာနမှ ကော်မရှင်နာ H.E. Mr. CHAN Tsz-tat နှင့် ဟောင်ကောင်ဒေသအစိုးရ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဗျူရိုမှ Principal Assistant Secretary Ms. Yandy Chan တို့က အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ကြပြီး၊ ဟောင်ကောင်ဒေသအစိုးရ သံတမန်ဌာနအကြီးအကဲ၊ ဟောင်ကောင်ဒေသရှိ ကောင်စစ်ဝန်ချုပ်များနှင့် မိသားစုဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဟောင်ကောင်ဒေသရှိ မြန်မာအသိုက်အဝန်း၊ ဟောင်ကောင်ဒေသတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား/သူများ၊ ကွမ်ရှီးတက္ကသိုလ်မှ မြန်မာဘာသာ အထူးပြု တရုတ်ကျောင်းသား/သူများနှင့် အခြားသော ဖိတ်ကြားထားသည့် ဧည့်သည်များ ပါဝင် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ ဧည့်သည်တော်များအား မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဆိုင်ရာ ဗီဒီယိုမှတ်တမ်းတစ်ခုကို တင်ဆက်ပြသခဲ့ပါသည်။ ဆက်လက်၍ မြန်မာကောင်စစ်ဝန်ချုပ် က ဧည့်သည်တော်များအား ပိတောက်ခက်ဖြင့် အတာရေပက်ဖျန်းလျက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ကို ပြသခဲ့ပါသည်။ ထို့အပြင် သရုပ်ဆောင် ပိုင်တံခွန်ကလည်း အခမ်းအနားသို့ တက်ရောက် လာသည့် ဧည့်သည်များနှင့် ရင်းနှီးစွာမိတ်ဆက်တွေ့ဆုံ၍ အမှတ်တရဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ဟောင်ကောင်အနုပညာအကယ်ဒမီမှ အကပညာရှင် Celine Laurelle Tang နှင့် Alvin Wong တို့က မြန်မာ-ဟောင်ကောင် ချစ်ကြည်ရင်းနှီးမှုကို ဖော်ညွှန်းသည့်အနေဖြင့် မြန်မာ့ ရိုးရာအက၊ တရုတ်ရိုးရာအကနှင့် ခေတ်သစ်အနုပညာကကွက် တို့ကို ပေါင်းစပ် ဖန်တီး၍ ကပြ ဖျော်ဖြေခဲ့ကြပါသည်။
ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်နှင့် ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းများက မြန်မာ့ရိုးရာ သနပ်ခါး သွေးလိမ်းပုံနှင့် မုန့်လုံးရေပေါ် ပြုလုပ်ပုံတို့ကို သရုပ်ဖော်ပြသခဲ့ကြရာ ဧည့်သည်တော် များနှင့် တက်ရောက်လာသူများကလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။




