(၂၀-၄-၂၀၂၆ ရက်၊ ကူမင်းမြို့)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် မြန်မာ့ သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ခြင်းအခမ်းအနားကို ၁၉-၄-၂၀၂၆ ရက်က ကျင်းပခဲ့ရာ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ကျင်းယို့ပေါင်၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဝန်ထမ်းမိသားစုများ၊ ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ်ရှိ မြန်မာအသိုင်းအဝိုင်းများ၊ ကျောင်းသားကျောင်းသူများ၊ တရုတ်နိုင်ငံသားများနှင့် အခြားနိုင်ငံခြားသားများအပါဝင် လူဦးရေ (၃၀၀) ကျော်ခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်၊ ဦးသွင်ထက်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာရိုးရာမဟာသင်္ကြန်ကျင်းပရခြင်း၏ အဓိပ္ပာယ်၊ သမိုင်းကြောင်းတို့ကိုရှင်းလင်းပြောကြားခဲ့ပြီး မြန်မာလူမျိုးတို့၏ သနပ်ခါးလိမ်းခြယ်ခြင်း ယဉ်ကျေးမှုအစဉ်အလာကိုလည်း မိတ်ဆက်ပြောကြားခဲ့သည်။
ထို့နောက် ယူနန်ပြည်နယ်ရှိ တက္ကသိုလ်များမှ မြန်မာဘာသာဌာနတွင် ပညာသင်ကြားလျက်ရှိသည့် တရုတ်နိုင်ငံသားကျောင်းသားကျောင်းသူများ၊ မြန်မာနိုင်ငံသား ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းပညာသင်များက သင်္ကြန်အဆို၊ အကများဖြင့် အဖွဲ့ လိုက် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး သင်္ကြန်ပွဲလာရောက်ကြသူများကို မြန်မာ့ရိုးရာ အစားအစာများဖြစ်သည့် ကြာဆံဟင်း၊ ရွှေရင်အေး၊ သာကူ၊ မြန်မာ့လက်ဖက်သုပ်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ယင်းနောက် ပွဲတက်ရောက်လာသူများက အတာရေ အပြန်အလှန် ပက်ဖျန်း၍ မြန်မာ့ရိုးရာ မဟာသင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြကာ မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်မှုကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြပြီး လက်တွေ့ပါဝင်လိမ်းခြယ်ခဲ့ ကြသည်။



