(၂၇-၂-၂၀၂၆ ရက်၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၈) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေ ၁၈:၃၀ နာရီမှ ၂၀:၃၀ နာရီအထိ ချုံချင့်မြို့ရှိ InterContinental Hotel ၌ အောင် မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧည့်ခံပွဲအခမ်းအနားသို့ ချုံချင့်မြူနီစီပယ်မြို့ ဒုတိယမြို့တော်ဝန် Mr. Huang Maojun က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး၊ ချုံချင့်မြူနီစီပယ်အစိုးရ ဒုတိယအတွင်းရေးမှူး ချုပ် Mr.Gong Yue၊ ၊ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြား ရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Feng Zinmin၊ ချုံချင့်မြူနီစီပယ် စီးပွားရေးရာ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ye Lina ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ကော်မရှင်၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စစ်ချွမ်းပြည်နယ်နှင့် ဟူပေပြည်နယ် နိုင်ငံခြားရေးရာဌာနများနှင့် စီးပွားရေးကော်မရှင်မှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး ချုံချင့်ကောင်စီ (CCPIT Chongqing Council) နှင့် စစ်ချွမ်းကောင်စီ (CCPIT Sichuan Council) တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ် များနှင့် သံတမန်များ၊ ချုံချင့်မြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခများ၊ ချုံချင့်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် များ၊ ချုံချင့်မြို့တွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအား နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် အလေးပြုဖွင့်လှစ်ခဲ့ပြီးနောက် ကောင်စစ် ဝန်ချုပ် ဦးကျော်ဇေယျာလင်းက (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ချုံချင့်မြူနီစီပယ်မြို့ ဒုတိယမြို့တော်ဝန် Mr. Huang Maojun က ဂုဏ်ပြုမိန့်ခွန်း ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကိတ်မုန့်ကို အဓိကဧည့်သည် တော်များနှင့်အတူ လှီးဖြတ်ခဲ့ကြပါသည်။ ထို့နောက် ချုံချင့်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေး အစီအစဉ်များဖြင့် လည်းကောင်း၊ စီချွမ်းနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် မြန်မာစာမေဂျာ တရုတ်ကျောင်းသား ကျောင်းသူများက တေးသီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် အုန်းနို့ခေါက်ဆွဲ၊ မြန်မာထမင်းကြော်၊ လက်ဖက်သုပ်၊ မြန်မာဘီယာ၊ မြန်မာလက်ဖက်ရည် အပါအဝင် အခြားစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့အနေဖြင့် ဧည့်ခံပွဲအခမ်းအနားတွင် မြန်မာ့ယဉ်ကျေးမှု အနုပညာပစ္စည်းများ၊ ယွန်းထည်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် (MYANWEN) မှ ပံ့ပိုးပေးသည့် MSME ထုတ်ကုန်ပစ္စည်းများ၊ မြန်မာ့ပုလဲနှင့် ကျောက်စိမ်းလက်ဝတ်ရတနာများအား မိတ်ဆက်ပြသခဲ့ကြောင်း သိရှိရပါသည်။



