(၁၉-၉-၂၅၊ ချင်းမိုင်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သည် ၁၉-၅-၂၀၂၅ ရက်၊ (၁၀၃၀) နာရီအချိန်တွင် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခြင်းခံရသည့် Mr. Thosaphon Phuean-udom အား ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်က Mr.Thosaphon အား ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပြီး၊ ချင်းမိုင်ခရိုင်နှင့် ချင်းမိုင်မြို့၌ ရောက်ရှိနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ အကျိုးကာကွယ်စောင့်ရှောက်ရေးကိစ္စ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့ ကြုံတွေ့လျက်ရှိသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ လက်ရှိတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံစာအုပ် (Certificate of Identity-CI) ထုတ်ပေးလျက်ရှိသည့် ကိစ္စ၊ ၂၈-၁၂-၂၀၂၅ ရက်(တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)အား ထိုင်းနိုင်ငံ၊ မြောက်ပိုင်းရောက် မြန်မာနိုင်ငံသားများ အဆင်ပြေလွယ်ကူ ချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူးအနေဖြင့် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးကိစ္စ၊ ချင်းမိုင်ခရိုင်နှင့် ထိစပ် လျက်ရှိသော မြန်မာနိုင်ငံ၊ နယ်စပ်မြို့များသို့ မူးယစ်ဆေးဝါးများချက်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ တရားမဝင်လမ်းကြောင်းများမှတဆင့် ဝင်ရောက်နေမှုအပေါ် ကာကွယ်တားဆီးနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေး ပြောကြားခဲ့ပါသည်။

