(၁၃-၈-၂၀၂၅ ရက်၊ ချန်ဒူး)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ရှိ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် စီချွမ်း ပြည်နယ်၊ ချန်ဒူးမြို့ နိုင်ငံခြားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Jiang Bin အား ၁၃-၈-၂၀၂၅ ရက်တွင် ချန်ဒူးမြို့ရှိ နိုင်ငံခြားရေးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ချန်ဒူးမြို့အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရေး၊ ရန်ကုန်မြို့နှင့် ချန်ဒူးမြို့အကြား ချစ်ကြည်ရေးညီအစ်မမြို့ တည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး၊ ချစ်ကြည်ရေးညီအစ်မမြို့ တည်ထောင်ပြီးနောက် ပညာရေးနှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်း များ၊ ကျောင်းသား/ ကျောင်းသူများအား ချန်ဒူးမြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရေး အတွက် ပညာသင်ဆုများ ပံ့ပိုးပေးနိုင်ရေး စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

