(၂-၈-၂၀၂၅ ရက်၊ ကော်လ်ကတ္တားမြို့)
မြန်မာကောင်စစ်ဝန်ချုပ်သည် ၂-၈-၂၀၂၅ ရက်၊ နေ့လည် ၁၂:၃၀ နာရီတွင် အိန္ဒိယသမ္မတ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကော်လ်ကတ္တားမြို့ Science City ကွင်း၌ (Bharat Chamber of Commerce) နှင့် CCG Marketing & Services ကုမ္ပဏီတို့ ပူးပေါင်း ကျင်းပသည့် India International Grand Trade Fair- IIGTF 2025 ဖွင့်ပွဲအခမ်းအနားသို့ ဧည့်သည်တော်အဖြစ် စီးပွားရေးသံမှူးနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ ကုန်စည်ပြပွဲသို့ အနောက်ဘင်္ဂလားပြည်နယ်အစိုးရ၏ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဆိုင်ရာဝန်ကြီး Dr. Shashi Panja က အဓိက ဂုဏ်ပြု ဧည့်သည် တော်အဖြစ် လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကောင်စစ်ဝန်ချုပ် Mr. Maxim Kozlov၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကောင်စစ်ဝန်ချုပ် Mr. Xu Wei၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုတိယမဟာမင်းကြီး (ယာယီ တာဝန်ခံ) Mr. Sikder Mohammad Ashrafur Rahaman၊ အမျိုးသားဂုန်လျှော်ဘုတ် အဖွဲ့၏ အတွင်းရေးမှူး Mr. Sashi Bhushan Singh၊ Bharat Chamber of Commerce ၏ ဥက္ကဋ္ဌ Mr. Naresh Pachisia President၊ CCG Marketing & Services ၏ စီအီးအိုနှင့် တွဲဖက် ဥက္ကဋ္ဌ Mr. Chandan Chatterjeeနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မီဒီယာများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ကုန်စည်ပြပွဲတွင် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အီရန်၊ လက်ဘနွန်၊ မလေးရှား၊ တူရကီ၊ ထိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံနှင့် ဒူဘိုင်း အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ပြခန်းများနှင့် အိန္ဒိယနိုင်ငံ၏ ပြည်နယ် (၁၂) ခုမှ ပါဝင် ပြသသူများသည် လေအေးပေးစက်တပ်ဆင်ထားသော ခန်းမ (၁၁) ခုနှင့် ပြခန်းပေါင်း (၅၀၀) ကျော်တွင် ကုန်ပစ္စည်းမျိုးစုံကို ခင်းကျင်းပြသလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ ၁၈ ရက်နေ့ အထိ (၁၈) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


