(၁၂-၆-၂၀၂၅၊ ကူမင်းမြို့)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့က ဦးဆောင်ဦးရွက်ပြုမှုဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ တရုတ်ဘာသာဌာနနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပညာရေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာကောလိပ်၊ မြန်မာဘာသာဌာနတို့တွင် တက်ရောက် လျက်ရှိကြသည့် နှစ်နိုင်ငံကျောင်းသားများအကြား အွန်လိုင်းအသုံးပြုပြီး မိခင်ဘာသာစကား ဖလှယ်ရေးအစီအစဉ်တစ်ရပ်ကို (၂) လကြာဆောင်ရွက်ခဲ့ရာ ၁၁-၆-၂၀၂၅ ရက်တွင် အဆိုပါ အစီအစဉ်ပြီးမြောက်ခြင်းအထိမ်းအမှတ်အခမ်းအနားကို အွန်လိုင်းဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်း၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာမြင့်စန်းရီ၊ တဲဟုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် မစ္စတာယန်မင်ဟုန်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြပါသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ ဘာသာစကားလေ့လာသင်ကြားနေသူ ကျောင်းသားများအကြား အွန်လိုင်းဖြင့် မိခင်ဘာသာစကားဖလှယ်ခြင်းအစီအစဉ်ကို (၂) လကြာကျင်းပခဲ့ပြီး အပတ်စဉ် နှစ်နိုင်ငံယဉ်ကျေးမှုပွဲတော်များ၊ အထင်ကရနေရာများနှင့်ပတ်သက်သည့် ခေါင်းစဉ်များ၊ လူငယ်တို့၏အနာဂတ်ဆိုင်ရာအကြောင်းအရာများကို မြန်မာကျောင်းသားများနှင့် တရုတ် ကျောင်းသူတို့အကြား ရင်းနှီးနွေးထွေးစွာ တစ်ဦး၏မိခင်ဘာသာစကားကို အခြားတစ်ဦးက အသုံးပြု ပြောဆိုဆွေးနွေးခဲ့ပြီး ဘာသာစကားနှင့် ယဉ်ကျေးမှုချင်းဖလှယ်ခဲ့ကြသည်။



