(၂၅-၈-၂၀၂၃ ရက်၊ ဟောင်ကောင်)
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်သည် ၂၅-၈-၂၀၂၃ ရက်၊ (၁၀၀၀) နာရီတွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တကော်မရှင်နာ Mr. Pan Yundong ထံသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၂၁ ခုနှစ်၌ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏တာဝန်အား ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တတာဝန်ယူထိန်းသိမ်းခဲ့မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ကိုဗစ်ကာလ စီးပွားရေးပြန်လည်နလန်ထူလာစေရန်နှင့် တိုးတက်မှုရရှိရန် ဆောင်ရွက်ခဲ့မှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ကာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု ပကတိအခြေအနေမှန်များအား ပိုမိုသိရှိနိုင်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတို့အကြား ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။



