(၂၄-၂-၂၀၂၃ ရက်၊ နန်နင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်တွင် (၁၈၀၀) နာရီမှ (၂၀၀၀) နာရီအထိ WinWin Hotel ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Qin Rupei (ဒုတိယဝန်ကြီးအဆင့်)၊ ကွမ်ရှီးနိုင်ငံခြားရေးရုံး၊ နန်နင်းနိုင်ငံခြားရေးရုံးနှင့် ကွမ်ရှီးအစိုးရဌာနများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကွမ်တုန်းပြည်နယ် နိုင်ငံခြားရေးရုံးနှင့် အစိုးရဌာန များမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကွမ်ရှီးဒေသရှိ မြို့အချို့မှ ဒုတိယမြို့တော်ဝန်များ၊ နန်နင်းမြို့အခြေစိုက် အာဆီယံ (၅) နိုင်ငံမှ ကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များ၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်းရေးမှူးရုံး၊ ကွမ်ရှီးဒေသနှင့် ကွမ်တုန်းပြည်နယ် တို့ရှိ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်မှုကောင်စီမှ တာဝန်ရှိသူများ၊ ကွမ်ရှီး နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးစင်တာမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များ၊ ဆေးရုံများမှ အဆင့်မြင့် အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းစာနယ်ဇင်းများ၊ မီဒီယာများ၊ မြန်မာပြည်ဖွား တရုတ်နိုင်ငံသားများ၊ နန်နင်းမြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာပညာသင် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် စုစုပေါင်း (၁၃၀) ဦးကျော် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းမှ မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းအကျဉ်းချုပ်၊ လွတ်လပ်ရေး၏ တန်ဖိုး၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ အကောင်အထည်ဖော်မှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ၊ မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသအကြား ဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး တို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။
ကွမ်ရှီးဒုတိယအုပ်ချုပ်ရေးမှူး Mr. Qin Rupei ၏ ဂုဏ်ပြုမိန့်ခွန်းတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ တို့ကို ထည့်သွင်းပြောကြားခဲ့ပြီးနောက် ဂုဏ်ပြုကိတ်မုန့်လှီးကာ အဓိကဧည့်သည်တော်များက စုပေါင်း ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။
ထို့နောက် ကြွရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ယဉ်ကျေးမှုအကအလှ နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗီဒီယိုများ ပြသခဲ့ပြီး၊ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာပြည်ခန့်ဝန်ထမ်းများ၊ ဒေသခန့်ဝန်ထမ်းများနှင့် Guangxi Minzu University တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသူလေးများမှ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကာ မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ လက်ဖက်သုပ်၊ မြန်မာကော်ဖီ၊ လက်ဖက်ရည် တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။







