(၃-၂-၂၀၂၂ ရက်၊ နန်နင်း)
၁။ တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု၊ နေထိုင်မှု၊ အလုပ်လုပ်ကိုင်မှုတို့ဖြင့် ကွမ်တုန်းပြည်နယ်၊ ပြည်သူ့လုံခြုံရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် မြန်မာနိုင်ငံသားဟု ထွက်ဆိုသူများအား မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် နန်နင်းမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းနှင့်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကွမ်တုန်း ပြည်နယ်၊ ကျန့်ကျန်းမြို့သို့ သွားရောက်ခဲ့ကြပါသည်။
၂။ ကောင်စစ်ဝန်ချုပ်နှင့် အဖွဲ့သည် ၂၄-၁-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ကျန့်ကျန်းမြို့၌ ကွမ်တုန်းပြည်နယ်၊ ပြည်သူ့လုံခြုံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံသား စိစစ်ရေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်တိုးတက်မှုများ၊ အခက်အခဲများ၊ နောင်ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းစဉ်များ စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
၃။ ထို့နောက် ၂၄-၁-၂၀၂၂ ရက်နေ့မှ ၂၅-၁-၂၀၂၂ ရက်နေ့အထိ ကျန့်ကျန်းမြို့၊ ပြည်သူ့လုံခြုံရေး ဌာနတွင် တပ်ဆင်ထားသည့် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဟွေ့ကျိုးမြို့နှင့် ကွမ်ကျိုးမြို့ရှိ ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားဟု ထွက်ဆိုသူ (၃၉၀)ဦးအား ဗွီဒီယို အင်တာဗျူး ပြုလုပ်ခဲ့ပါသည်။ ယင်းတို့အနက် မြန်မာနိုင်ငံသားဟု စိစစ်မေးမြန်းနိုင်သူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ကွမ်တုန်း ပြည်နယ်၊ ပြည်သူ့လုံခြုံရေးဦးစီးဌာန၏ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။




