မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်ကိုယ်စားလှယ်များ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများသို့ သွားရောက်လေ့လာ(၁၇-၂-၂၀၂၃ ရက်)

(၁၇-၂-၂၀၂၃ ရက်၊ နေပြည်တော်)
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု သံတမန်လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် နေပြည်တော်သို့ ရောက်ရှိနေကြသော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသံရုံးများမှ သံတမန်ကိုယ်စားလှယ်များသည် ၁၇-၂-၂၀၂၃ ရက်တွင် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။​
နံနက်ပိုင်းတွင် သံတမန်ကိုယ်စားလှယ်များသည် တပ်ကုန်းမြို့နယ်ရှိ အေးချမ်းသာ စံပြကျေးရွာသို့ သွားရောက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြင့် တည်ဆောက်ပေးခဲ့သည့် ကျေးရွာအတွင်း ရေ/မီး ရရှိရေးစနစ်များ၊ စာသင်ကျောင်း၊ ကျောင်းစာကြည့်တိုက်နှင့် ယက္ကန်းလုပ်ငန်း တည်ထောင်ထားရှိမှုတို့ကို ကြည့်ရှုလေ့လာ ခဲ့ကြပါသည်။ သံတမန် ကိုယ်စားလှယ်များသည်  အေးချမ်းသာစံပြကျေးရွာ အလယ်တန်းကျောင်းရှိ ကျောင်းစာကြည့်တိုက်သို့ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် သံတမန်ကိုယ်စားလှယ်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်း သစ်တော သုတေသနဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် အကောင်အထည် ဖော်လျက်ရှိသည့် “Assessment of Toxic Organic Contaminants in Mekong River Basin of Myanmar” စီမံကိန်း၏ “ရေဓါတ်ခွဲခန်း” အား သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ဆက်လက်ထွက်ခွာ၍ ဘွဲ့နှင်းသဘင်ခန်းမ၌ ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည် ဖော်လျက်ရှိသည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဆိုင်ရာ ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ ထို့နောက် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က အကောင်အထည်ဖော်လျက် ရှိသည့် စီမံကိန်း (၃) ခုအား သွားရောက်လေ့လာကြည့်ရှုခဲ့ကြပါသည်။
၁၇-၂-၂၀၂၃ ရက်၊ ညနေပိုင်းတွင် သံတမန်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ M-Gallery Hotel ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၏ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။