(၂၄-၃-၂၀၂၅၊ ဖနောင်ပင်)
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့အခြေစိုက် အိန္ဒိယသံရုံးမှကြီးမှူး၍ ၂၂-၃-၂၀၂၅ ရက် ညနေ (၁၆၀၀)နာရီမှ (၂၀၀၀)နာရီအထိ ဖနောင်ပင်မြို့ Ounalom ဘုန်းကြီးကျောင်းအနီး မြစ်ကမ်းနားရှိ အများပြည်သူအပန်းဖြေနေရာ၌ ကျင်းပခဲ့သည့် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာအစားအစာများ ရောင်းချသည့် ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံးမှ သံရုံးဝန်ထမ်းများက ရိုးရာမုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ လက်ဖက်သုပ်၊ မြန်မာ့လက်ဖက်ရည်နှင့် မြန်မာစားသောက်ကုန် ပစ္စည်းများဖြင့် ရောင်းချ၍ ပါဝင်ဆင်နွှဲခဲ့ပါသည်။
အဆိုပါဈေးရောင်းပွဲတော်သည် အိန္ဒိယနိုင်ငံနှင့် မဲခေါင်ဒေသနိုင်ငံများအကြား နက်ရှိုင်းစွာအမြစ်တွယ် လျက်ရှိသော သမိုင်းဝင်ယဉ်ကျေးမှုဆိုင်ရာဆက်နွယ်နေမှုများကို ဂုဏ်ပြုရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မဲခေါင်-ဂင်္ဂါအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံသံရုံးတို့မှ နိုင်ငံအလိုက် ရိုးရာအစားအစာများ၊ ထွက်ကုန်ပစ္စည်းများ ပြသရောင်းချခဲ့ကြပြီး နိုင်ငံခြားခရီးသွားများ အပါအဝင် လာရောက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။



