မော်စကိုနိုင်ငံတကာခရီးလာရေးလုပ်ငန်းပြပွဲတွင် ပါဝင်ပြသသည့် မြန်မာခရီးသွားပြခန်းသို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သွားရောက်အားပေး(၁၆-၃-၂၀၂၃ ရက်)

(၁၆-၃-၂၀၂၃ ရက်၊ မော်စကို)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် မော်စကိုနိုင်ငံတကာခရီးသွားလာရေးလုပ်ငန်းပြပွဲ (Moscow International Travel and Tourism Exhibition) တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း တို့ ပူးပေါင်း၍ မြန်မာခရီးသွားပြခန်း ပါဝင်ပြသခဲ့ရာ၊ မြန်မာသံအမတ်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာသံရုံးဝန်ထမ်းများမှ ၁၆-၃-၂၀၂၃ ရက်၊ ၁၄၀၀ နာရီတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

မြန်မာသံအမတ်ကြီးမှ ကမ္ဘာ့အကြီးဆုံး ခရီးသွားပြပွဲတစ်ခုဖြစ်သည့် မော်စကိုနိုင်ငံတကာ ခရီးသွားလာရေးလုပ်ငန်းပြပွဲ (Moscow International Travel and Tourism Exhibition- MITT) ၏ ပြန်ကြားရေးကော်မတီမှ ပြုလုပ်သည့် အင်တာဗျူးအား ဖြေကြားခဲ့ရာတွင် ရုရှားခရီးသွားများအား ဆွဲဆောင်မှုရှိစေမည့် မြန်မာ့အလှ၊ မြန်မာ့ရှုခင်းနှင့် နေရာဒေသများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါသည်။