(၂-၆-၂၀၂၅ ရက်၊တိုကျို)
ဂျပန်နိုင်ငံ၊ ကိတကျူးရှုးခရိုင်၊ မိုးဂျိမြို့တွင် ၁၉၅၇ ခုနှစ်မှ စတင်တည်ထား ကိုးကွယ်ခဲ့သော မိုးဂျိကမ္ဘာအေးစေတီတော်မြတ်ကြီးနှင့် မြန်မာဘုန်းတော်ကြီးကျောင်း ပြုပြင်ထိန်းသိမ်းမွမ်းမံရေးဆိုင်ရာ ဂေါပကအဖွဲ့သစ်၏ ပထမဆုံးအကြိမ်ညှိနှိုင်းအစည်းအဝေး အား ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့၊ (၁၅၀၀) နာရီတွင် မိုးဂျိကမ္ဘာအေးစေတီတော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မြန်မာဂေါပကအဖွဲ့ နာယကဆရာတော် ဂျောရှင်း အန်း ဝိပဿနာတရားရိပ်သာမှ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉာဏုတ္တရ နှင့်မိုးဂျိကမ္ဘာအေးစေတီတော် ကျောင်းထိုင်ဆရာတော်များဖြစ်ကြသည့် ဘဒ္ဒန္တ စန္ဒဇောတိ၊ ဘဒ္ဒန္တ ပညာနန္ဒ၊ စေတီတော်အမှုဆောင်အဖွဲ့ဝင်ဖြစ်သော ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် မြန်မာဂေါပကအဖွဲ့ဝင်များ၊ ဂျပန်ဂေါပကအဖွဲ့ဝင်သစ်များ ပါဝင်တက်ရောက် ခဲ့ကြပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် မြန်မာ-ဂျပန် ဂေါပကအမှုဆောင်အဖွဲ့သစ် ပြန်လည်ဖွဲ့စည်း ခြင်းအား အတည်ပြုခြင်း၊ မိုးဂျိစေတီတော်နှင့် မြန်မာဘုန်းတော်ကြီးကျောင်းအား ရေရှည် တည်တံ့ခိုင်မြဲစေရန် မွမ်းမံထိန်းသိမ်းခြင်းကိစ္စရပ်များ၊ ရန်ပုံငွေရှာဖွေရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ချီးမြှင့်အပ်နှင်းခဲ့သည့် ဂျပန်နိုင်ငံသား မိုးဂျိကမ္ဘာအေးစေတီတော် ဂေါပက အဖွဲ့ဥက္ကဋ္ဌဟောင်း Mr. Susumu Sakuma နှင့် ဒုတိယဥက္ကဋ္ဌဟောင်း Mrs. Kazuko YASAKA တို့အတွက် ဘွဲ့တံဆိပ်တော်အပ်နှင်းသည့် အခမ်းအနားကို မိုးဂျိကမ္ဘာအေးစေတီတော်တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သံအမတ်ကြီး ဦးစိုးဟန်မှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် မိုးဂျိကမ္ဘာအေး စေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌဟောင်းနှင့် ဒုတိယဥက္ကဋ္ဌဟောင်းတို့အား ဘွဲ့တံဆိပ်တော် ချီးမြှင့်ရခြင်း၏ရည်ရွယ်ချက်နှင့် ဝမ်းမြောက်ဂုဏ်ပြုစကားတို့ကို ပြောကြားခဲ့ပါသည်။
ထို့နောက် သံအမတ်ကြီး ဦးစိုးဟန်မှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် မိုးဂျိကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌဟောင်း Mr. Susumu Sakuma (ကွယ်လွန်) ၏ ကိုယ်စား သားဖြစ်သူ Mr. Tsunekazu Sakuma နှင့် ဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌဟောင်း Mrs. Kazuko YASAKA တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။ ဆက်လက်၍ Mr. Tsunekazu Sakuma နှင့် Mrs. Kazuko YASAKA တို့မှ ဘွဲ့တံဆိပ်တော်ချီးမြှင့်ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူစကား ပြန်လည်ပြောကြားခဲ့ကြပါ သည်။
မိုးဂျိကမ္ဘာအေးစေတီတော် ဂျပန်ဂေါပကအဖွဲ့၏ ဥက္ကဋ္ဌဟောင်း Mr. Susumu Sakuma သည် မိုးဂျိကမ္ဘာအေးစေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်းများအား အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဂျပန်နိုင်ငံသားများအကြား ထေရဝါဒဗုဒ္ဓသာသာကို ပိုမိုသိရှိနားလည်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း စသည့်ဗုဒ္ဓ သာသနာထွန်းကားပြန့်ပွားရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က Mr. Susumu Sakuma အား မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
မိုးဂျိကမ္ဘာအေးစေတီတော် ဂျပန်ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌဟောင်း Mrs. Kazuko YASAKA သည် ၁၉၅၇ ခုနှစ်တွင် စေတီတော်စတင်တည်ထားချိန်က ဦးဆောင်ပါဝင်ခဲ့သည့် မိုးဂျိမြို့တော်ဝန် Mr. Momotaro Yanagida ၏ သမီးဖြစ်ပြီး၊ ၁၉၉၇ ခုနှစ်မှစတင်၍ စေတီတော်ကြီး၏ တာဝန်ခံပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆောင်ရွက်ကာ မိုးဂျိကမ္ဘာအေးစေတီတော် နှင့်မြန်မာဘုန်းတော်ကြီးကျောင်း၏ဝေယျာဝိစ္စကိစ္စရပ်များ၊ မိုးဂျိစေတီတော်ကြီးရေရှည် တည်တံ့ရေးနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးကိစ္စရပ်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က Mrs. Kazuko YASAKA အား မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား ချီးမြှင့်အပ်နှင်း ခဲ့ပါသည်။
**************




