မန္တလေးငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းမှုများကို ကောင်စစ်ဝန်ချုပ်က လက်ခံဆောင်ရွက်ခဲ့ခြင်း (၆-၅-၂၀၂၅ ရက်)

(၆-၅-၂၀၂၅ ရက်၊ ချင်းမိုင်)

၂၈-၃-၂၀၂၅ ရက်၌ မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အရေးပေါ် အကူအညီများ လိုအပ်နေသည့်ပြည်သူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာ နိုင်ငံသားများက မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့သို့ ဆက်သွယ်၍ အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများအား လှူဒါန်းမှုများပြုလုပ်လျက်ရှိရာ ၇-၄-၂၀၂၅ ရက်တွင်ချင်းမိုင်မြို့၊ ဝပ်ဆိုင်းမွန်းမြန်မာ ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ကောဏ္ဍည နှင့် အလှူရှင် များ စုပေါင်း၍ ဘတ် ၅၂,၇၆၅ တန်ဖိုးရှိ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ အသင့်စားခေါက်ဆွဲခြောက်နှင့် မုန့်မျိုးစုံအပါအဝင် စားသောက်ဖွယ်ရာများနှင့် မီးဖိုချောင်သုံးပစ္စည်းများနှင့် အလှူငွေ ဘတ် ၁၆၁,၅၀၀ တို့ကို လှူဒါန်းခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက အဂ္ဂမဟာကမ္မဌာန စရိယဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသည့် ထိုင်းနိုင်ငံသား တာဏံ လေဏံဆရာတော် အရှင် ဖခရူး ဖစုဝဏ္ဏ စမနဝပ်ဝိ အား အမှူးထား၍ ထိုင်းနိုင်ငံသားမိသားစုများက ၁၉-၄-၂၀၂၅ ရက်တွင် ဘတ် ၅၆၀,၂၀၀ လာရောက်လှူဒါန်းခြင်း၊ ၂၁-၄-၂၀၂၅ ရက်တွင် ထိုင်းနိုင်ငံမှ iCare Thailand Foundation ပရဟိတလူမှုအဖွဲ့အစည်းက ဘတ် ၄၂၉,၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာ (အသင့်စားခေါက်ဆွဲ ခြောက်၊ ကြာဇံခြောက်၊ ဆန်နှင့် ငါးသေတ္တာများ)၊ တကိုယ်ရည်နှင့် အသုံးအဆောင်ပစ္စည်းများ (အဝတ်အထည်၊ စောင်၊ ခြင်ထောင်နှင့် ဓာတ်မီး)နှင့် ဆေးဝါးပစ္စည်းများ အပါအဝင် စုစုပေါင်း ထောက်ပံ့ပစ္စည်း (၄) တန်အားလည်းကောင်း လာရောက်လှူဒါန်းခဲ့ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်က အလှူရှင်များနှင့်် တွေ့ဆုံကာ အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများအား လက်ခံခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် လှူဒါန်း ထောက်ပံ့မှုများအား ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါ လှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ လွှဲပြောင်းပေးပို့နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပြီး ထောက်ပံ့ပစ္စည်း များအား မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် UB 010 ဖြင့် (၅)ကြိမ်ခွဲကာ ပို့ဆောင် ပေးခဲ့ပြီး နေပြည်တော်နှင့်မန္တလေးမြို့တို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများထံ ဖြန့်ဝေခဲ့ပြီး ဖြစ်ပါကြောင်း သိရှိရပါသည်။