(၂၇-၃-၂၀၂၆ ရက် ၊ ဗန်ကောက်)
မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသသည် ၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Wat Ratchabophit ကျောင်းတော်၌ ထိုင်းနိုင်ငံ သံဃာ့မဟာနာယက ဆရာတော် Somdet Phra Ariyavongsagatanana ကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါသည်။
မင်းကျောင်းဆရာတော်ကြီးနှင့်အတူ နွန်ထဘူရီခရိုင်၊ Wat Ban Pai ကျောင်းထိုင် ဆရာတော် Phra Sophon Nonthasarနှင့် မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံအမတ် ဒေါ်ချိုချိုစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ အတူတကွလိုက်ပါခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် မင်းကျောင်းဆရာတော်ကြီးမှ မိမိနှင့်တကွ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဆရာတော်အား ဖူးမြော်ခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ထိုင်းဘုရင့် မယ်တော်မိဖုရားကြီး ကွယ်လွန်အနိစ္စရောက်ခြင်းအပေါ် ဝမ်းနည်းပါကြောင်း၊ မြန်မာ – ထိုင်း သံဃာတော်နှင့် ပြည်သူများအကြားချစ်ကြည်ရေး ခိုင်မြဲပါစေကြောင်းနှင့် ဆရာတော်ကြီး သက်တော်ရာကျော်ရှည်၍ ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့ပါသည်။
ထိုင်းနိုင်ငံ၊ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်မှလည်း ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးသည် ခိုင်မာပါကြောင်း၊ မိမိအနေဖြင့် မြန်မာသံဃာတော်များနှင့် ပြည်သူများအပေါ် မေတ္တာထားရှိပါကြောင်း၊ ကောင်းကျိုးချမ်းသာများ ပြည့်စုံစေရန် ဆုတောင်းပါကြောင်း ပြန်လည်မေတ္တာပို့သခဲ့ပါသည်။



