မကာအိုအထူးအုပ်ချုပ်ရေးဒေသတွင် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲနှင့် ဧည့်ခံပွဲအခမ်းအနားများသို့ မြန်မာကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက် (၅-၆-၂၀၂၆၊ မကာအို)

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ၂၈-၅-၂၀၂၆ ရက်၊ ၁၇:၀၀ နာရီတွင် မကာအို အထူးအုပ်ချုပ်ရေးဒေသအစိုးရက မကာအိုဒေသဆိုင်ရာ ကောင်စစ်ဝန်ချုပ်များအတွက် Commerce and Trade Cooperation Platform for China and Portuguese-speaking Countries Complex ၌ စီစဉ်ကျင်းပသည့် မကာအိုအထူးအုပ်ချုပ်ရေးဒေသ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မကာအိုဒေသအစိုးရ တာဝန်ရှိ သူများက မကာအိုအထူးအုပ်ချုပ်ရေးဒေသအနေဖြင့် “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများကိုလည်းကောင်း၊ ဟန်ချင်းရှိ ကွမ်တုံး-မကာအို ပူးပေါင်းဆောင်ရွက်ရေးဇုန်နှင့် မကာအိုဒေသ၌ ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍လည်းကောင်း ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဟောင်ကောင် နှင့် မကာအိုဒေသများဆိုင်ရာ နိုင်ငံပေါင်း(၅၀)ခန့်မှ ကောင်စစ်ဝန်ချုပ် များနှင့် ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မကာအိုဖိုရမ် အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲအပြီးတွင် မကာအိုအထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး H.E. Mr. Sam Hou Fai နှင့် မကာအိုဒေသရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာ H.E. Ms. Bian Lixin တို့သည် တက်ရောက်လာသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
ယင်းနောက် မြန်မာကောင်စစ်ဝန်ချုပ်သည် ၁၉၃၀ နာရီတွင် မကာအိုဒေသရှိ Grand Lisboa Palace Resort ၌ မကာအိုအထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးက မကာအိုဒေသ ဆိုင်ရာ ကောင်စစ်ဝန်ချုပ်များအား တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။ ညစာစားပွဲ၌ မကာအိုဒေသအုပ်ချုပ်ရေးမှူးက မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ဧည့်သည်တော်များအား ကြိုဆိုဂုဏ်ပြုခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်သည် မကာအိုဒေသသို့ ရောက်ရှိစဉ်အတွင်း ၂၉-၅-၂၀၂၆ ရက်၊ ၁၂၃၀ နာရီတွင် Zam Zam Restaurant ၌ ဟောင်ကောင်နှင့် မကာအို ဒေသများဆိုင်ရာ အီးယူရုံးက တည်ခင်း ဧည့်ခံသည့် ဟောင်ကောင်နှင့် မကာအိုဒေသများဆိုင်ရာ အီးယူနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ များမှ ရုံးအကြီးအကဲများ၏ နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ နေ့လယ်စာစားပွဲတွင် ဟောင်ကောင်နှင့် မကာအို ဒေသများဆိုင်ရာ အီးယူရုံးအကြီးအကဲ သံအမတ်ကြီး H.E. Mr. Harvey Rouse၊ ဟောင်ကောင်နှင့် မကာအိုဒေသဆိုင်ရာ အာဆီယံ ကောင်စစ်ဝန်ချုပ်ရုံးများ၏ နာယက ဖြစ်သော မလေးရှားကောင်စစ်ဝန်ချုပ် Mr. Muzambli Markam နှင့် အထူးဧည့်သည်တော်အဖြစ် မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ ဒုတိယအကြီးအကဲဖြစ်သည့် အုပ်ချုပ်ရေးနှင့် တရားရေး ဝန်ကြီး Mr. Wong Sio Chak တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။
ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်သည် ၁၆၀၀ နာရီတွင် မကာအိုဒေသရှိ Military Club of Macao ၌ ဟောင်ကောင်နှင့် မကာအိုဒေသဆိုင်ရာ အီးယူရုံးက ကျင်းပပြုလုပ်သည့် Europe Day 2026 အခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ဟောင်ကောင် နှင့် မကာအို ဒေသများဆိုင်ရာ အီးယူရုံးအကြီးအကဲ သံအမတ်ကြီး H.E. Mr. Harvey Rouse နှင့် အထူးဧည့်သည်တော်အဖြစ် မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရမှ အုပ်ချုပ်ရေးနှင့် တရားရေး ဝန်ကြီး Mr. Wong Sio Chak တို့က အမှာစကားများ ပြောကြားခဲ့ကြပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး
ဟောင်ကောင်မြို့
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်