ဘဲလ်ဂရိတ်မြို့၊ Sjam Fair ၌ ကျင်းပသည့် 2019 Charity Bazaar တွင် မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့မှ ပြခန်းပါဝင်ဖွင့်လှစ်

(၃-၁၂-၂၀၁၉ ရက်၊ ဘဲလ်ဂရိတ်မြို့)

ဘဲလ်ဂရိတ်မြို့၊ International Women’s Club မှ ကြီးမှူး၍ ၁-၁၂-၂၀၁၉ ရက်တွင် ဘဲလ်ဂရိတ်မြို့၊ Sjam Fair ၌ 2019 Charity Bazaar ကို ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့မှ ပြခန်းဖွင့်လှစ်၍ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

မြန်မာသံရုံးအနေဖြင့် မြန်မာ့ရိုးရာ အုန်းနို့ခေါက်ဆွဲ၊ ရွှေထမင်းတို့နှင့်အတူ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တို့ကို ရောင်းချခဲ့ပြီး မြန်မာ့ရိုးရာ ယွန်းထည်ပစ္စည်းများ၊ ကျောက်စီပန်းချီကားများ ခင်းကျင်းပြသခဲ့ပါသည်။ ထို့ပြင် မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန်အတွက် ပြပွဲလာရောက် သူများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ခရီးသွားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း၊ မြန်မာနိုင်ငံ၏ ဒေသန္တရဆိုင်ရာ အချက်အလက်များကို ရှင်းပြခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ မြန်မာသံရုံးသည် ပွဲမှ ရရှိသည့် အမြတ်ငွေ ဒီနာ ၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၀၀ ခန့်) ကို ဆားဘီးယားနိုင်ငံအတွင်းရှိ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးအဖွဲ့များသို့ လှူဒါန်းရန် ရည်ရွယ်၍ International Women’s Club သို့ လှူဒါန်းခဲ့ပါသည်။

International Women’s Club သည် ၁၉၆၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၏ ဇနီးများ၊ အဖွဲ့အစည်း အသီးသီးမှ အကြီးအကဲများ၏ ဇနီးများ၊ ဆားဘီးယားနိုင်ငံမှ စာရေးဆရာများ၊ အနုပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် (၂၀၀) ကျော်ရှိပါသည်။ အဆိုပါအဖွဲ့အစည်းသည် ဆားဘီးယားနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ရန် Charity Bazaar များကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ် ကျင်းပပြုလုပ်သည့် Charity Bazaar မှ အကျိုးအမြတ်ရငွေများကို ဆားဘီးယားနိုင်ငံအတွင်းရှိ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးအဖွဲ့များသို့ လှူဒါန်းသွားမည်ဖြစ်ပါသည်။ ယခု ကျင်းပခဲ့သည့် Charity Bazaar တွင် နိုင်ငံ (၂၇) နိုင်ငံမှ သံရုံးများ၊ အခြားအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။