ဘော့စ်နီးယားနှင့် ဟာဆီဂိုးဗီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်း(၂၇-၅-၂၀၂၆၊ ဘဲလ်ဂရိတ်)

အယ်လ်ဘေးရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးသော်ဇင်ဖြိုး သည် အယ်လ်ဘေးနီးယားနှင့် ဘော့စ်နီးယားနှင့် ဟာဆီဂိုးဗီးယားနိုင်ငံ နယ်စပ်တွင် အခက်အခဲ ကြုံတွေ့ခဲ့ပါသဖြင့် ၄င်းအား မြန်မာနိုင်ငံသို့ ထိုင်းလေကြောင်း ပျံသန်းအမှတ် TG 0301 ဖြင့် နံနက် ၁၀:၃၅ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။
ဦးသော်ဇင်ဖြိုးသည် ဘော့စ်နီးယားနှင့် ဟာဆီဂိုးဗီးယားနိုင်ငံ၊ International Oraganization for Migration (IOM) အောက်ရှိ Voluntary Return and Reintegration Program (AVRR) ၌ ရောက်ရှိလာပြီး မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့သို့ ဆက်သွယ်၍ အကူအညီတောင်းခံခဲ့ရာ၊ မြန်မာသံရုံးမှ ဘော့စ်နီးယားနှင့် ဟာဆီဂိုးဗီးယားနိုင်ငံရှိ IOM အဖွဲ့အစည်းမှ တာဝန်ရှိသူနှင့် ဆက်သွယ်ညှိနှိုင်း၍ ၄င်း၏ အခက်အခဲများကို ကူညီကယ်ဆယ်ကာ မြန်မာနိုင်ငံသို့ ဘေးကင်းစွာပြန်နိုင်ရေး ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။
၄င်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုဆို၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါသည်။