(၁၅-၇-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ ဘူတန်ဘုရင့်နိုင်ငံသံအမတ်ကြီး H.E. Major General Vetsop Namgyel အား ၁၅-၇-၂၀၂၅ ရက်နေ့၊ ၁၁:၃၀ နာရီတွင် နယူးဒေလီမြို့ရှိ ဘူတန်သံရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အင်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ဘူတန်နိုင်ငံမှ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ပေးပို့ခြင်း၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များ လာရောက်၍ ဆေးကုသပေးခဲ့ခြင်းစသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခဲ့သည့်အတွက် ဘူတန်နိုင်ငံအစိုးရနှင့် ပြည်သူများကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီးသည် ဘူတန်ကယ်ဆယ်ရေးအဖွဲ့ဝင် (၈၇)ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သော အမှတ်တရ ဂုဏ်ပြုတံဆိပ်များကို ဘူတန်နိုင်ငံသံအမတ်ကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

