ဘာလင်-အာဆီယံကော်မတီ (BAC) အစည်းအဝေးနှင့် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာသံရုံး ယာယီတာဝန်ခံ ပါဝင်တက်ရောက်(၂၆-၇-၂၀၂၃ ရက်)

( ၂၆-၇-၂၀၂၃ ရက်၊ ဘာလင်)

မြန်မာသံရုံး၊ ဘာလင်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်း သည် ၂၆-၇-၂၀၂၃ ရက်၊ (၁၆၃၀) နာရီတွင် ဗီယက်နမ်သံရုံး၌ ကျင်းပသည့် ဘာလင်-အာဆီယံ ကော်မတီ (Berlin ASEAN Committee-BAC) အစည်းအဝေးနှင့်  (၅၆)နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာဆီယံအလံလွှင့်တင်ခြင်း အခမ်းအနား တို့သို့ ဘာလင်မြို့ အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဘာလင်-အာဆီယံကော်မတီ၏ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်သံအမတ်ကြီးက အဖွင့်အမှာစကား ပြောကြား၍ အသစ်ရောက်ရှိလာသည့် စင်ကာပူသံအမတ်ကြီးအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ထို့နောက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း အကောင်အထည်ဖော်မည့် ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် ကိစ္စရပ်များ၊ ဂျာမနီနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို တက်ရောက်လာကြသည့် သံရုံးအကြီးအကဲများနှင့်အတူ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးအပြီးတွင် သံရုံးယာယီတာဝန်ခံသည် (၅၆)နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာဆီယံအလံလွှင့်တင်ခြင်း အခမ်းအနားနှင့် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကမ္ဘောဒီးယားသံအမတ်ကြီးအား တည်ခင်းဧည့်ခံသည့် နှုတ်ဆက်ညစာစားပွဲသို့ ဆက်လက်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။