ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ ၁၉၃၀ နာရီ တွင် ဘရာဇီးလျားမြို့၊ Fogo De Chão စားသောက်ဆိုင်၌ အာဆီယံ-ဘရာဇီးလျားကော်မတီမှ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn အား တည်ခင်းဧည့်ခံသည့် အလုပ်သဘောညစာစားပွဲသို့ ဘရာဇီးလျားအခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါညစာစားပွဲ၌ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် အာဆီယံ-ဘရာဇီးလျားကော်မတီ (ACB) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရာဇီးလ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mr. Andhika Chrisnayudhanto ဦးဆောင်သော ဘရာဇီးလျားရှိ အာဆီယံကော်မတီ (ACB) အဖွဲ့ဝင် အာဆီယံသံအမတ်ကြီးများအကြား အာဆီယံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အာဆီယံ-ဘရာဇီးလ် ကဏ္ဍအလိုက် ဆွေးနွေးဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် နည်းလမ်းများကို ရှာဖွေခဲ့ကြကြောင်း၊ အာဆီယံ၏ အကျိုးစီးပွားများကို မြှင့်တင်ခြင်း၊ ဘရာဇီးလ်နိုင်ငံတွင် အာဆီယံအပေါ် အသိပညာနှင့်မြင်သာမှုကို မြှင့်တင်ခြင်းနှင့် အာဆီယံနှင့် ဘရာဇီးလ်နိုင်ငံတစ်ဝှမ်းရှိ အဓိကအကျိုးတူပါဝင်သူများအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံမှုမြှင့်တင်ခြင်းတို့တွင် ACB ၏ အရေးပါသောအခန်းကဏ္ဍကိုလည်း အလေးပေးဖော်ပြခဲ့ကြပါသည်။



