ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Goiás ပြည်နယ်သို့ လေ့လာရေးခရီးသွားရောက်(၁၄-၂-၂၀၂၃ ရက်)

(၁၄-၂-၂၀၂၃ ရက်၊ ဘရာဇီးလျား)

ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် Goiás ပြည်နယ်၊ အုပ်ချုပ်ရေးမှူး၏ ဖိတ်ကြားချက်အရ အာဆီယံ-ဘရာဇီးလျားကော်မတီ၏ အစီအစဉ်ဖြင့် ၁၀-၂-၂၀၂၃ ရက်မှ ၁၁-၂-၂၀၂၃ ရက်အထိ Goiás ပြည်နယ်၏ မြို့တော် Goiânia သို့ ဘရာဇီးလျားမြို့ အခြေစိုက် အခြားအာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ သွားရောက်ခဲ့ပါသည်။

ခရီးစဉ်အတွင်း ၁၀-၂-၂၀၂၃ ရက်၊ (၁၁၃၀) နာရီတွင် Palácio das Esmeraldas ၌ မြန်မာ သံအမတ်ကြီး အပါအဝင် ဘရာဇီးလျားမြို့ အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများနှင့် Goiás ပြည်နယ်၊ အုပ်ချုပ်ရေးမှူးရုံးမှ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနအကြီးအကဲများအကြား တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ (၁၃၀၀) နာရီတွင် Goiás ပြည်နယ်၊အုပ်ချုပ်ရေးမှူး Ronaldo Caiado က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုများအတွင်း Goiás ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး၊ မြန်မာသံအမတ်ကြီးက Goiás ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး မဟာမိတ် ဖြစ်တည်မှု တည်ဆောက်ရေးအတွက် ဦးစားပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ (၁၅၃၀) နာရီတွင် Goiás ပြည်နယ်၊ စီးပွားရေးလုပ်ငန်းရှင်များအသင်း Fecomércio မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ကြပြီး၊ Fecomércio မှ တာဝန်ရှိသူများက Goiás ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့် အာဆီယံနိုင်ငံများဘက်မှ ဘရာဇီးလ်နိုင်ငံနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍရပ်တွင် အားသာချက်၊ အားနည်းချက်များ၊ အကြံပြုဆွေးနွေးချက်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ခရီးစဉ် ဒုတိယနေ့ဖြစ်သည့် ၁၁-၂-၂၀၂၃ ရက်တွင် မြန်မာသံအမတ်ကြီးနှင့် အခြားအာဆီယံ သံရုံး အကြီးအကဲများသည် Goiás ပြည်နယ်ရှိ နို့စားနွားသန္ဓေလောင်းမျိုးပွားမှု နည်းပညာရပ်တွင် အောင်မြင် ဖြစ်ထွန်းလျက်ရှိသော Estância Tamburil နွားမွေးမြူရေးခြံသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။