(၁-၉-၂၀၂၃ ရက်၊ ဘရာဇီးလျား)
ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၁-၉-၂၀၂၃ ရက်နေ့ ၁၁:၀၀ နာရီတွင် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ BRICS အဖွဲ့ဆိုင်ရာ ညှိနှိုင်းရေးမှူးချုပ်၊ သံအမတ်ကြီး Ana Maria Bierrenbach နှင့် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် မကြာမီက တောင်အာဖရိကနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် (၁၅) ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးရလဒ်များ၊ အထူးသဖြင့် ထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက်ပါ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု (Institutional development) ကဏ္ဍအောက်မှ အဖွဲ့ဝင်အသစ်များဝင်ရောက်လိုခြင်းအတွက် လိုအပ်မည့်ပြဋ္ဌာန်းချက်စည်းမျဉ်းများ၊ စံချိန်၊ စံညွှန်းများ၊ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ BRICS ၏ ဖွံ့ဖြိုးတိုးတက်မှုဘဏ်သစ် (New Development Bank) သို့ အဖွဲ့ဝင်အသစ် လျှောက်ထားခြင်းအတွက် လိုအပ်ချက်များနှင့် ပတ်သက်၍လည်းကောင်း မေးမြန်းဆွေးနွေးခဲ့ပါသည်။
BRIC အဖွဲ့ကို ကနဦး ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့ဖြင့် ၂၀၀၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံမှ BRIC အဖွဲ့ဝင်ဖြစ်လာပြီးနောက် BRICS ဟု အဖွဲ့၏အမည် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့ကကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု စသည့် (၆)နိုင်ငံမှ BRICS အဖွဲ့ဝင်နိုင်ငံသစ်များအဖြစ် ပါဝင်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

