ဘရာဇီးလ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအား “Wiliam e o Mundo” သတင်းဌာနမှ လာရောက်တွေ့ဆုံ (၂၅-၈-၂၀၂၃ ရက်)

(၂၅-၈-၂၀၂၃ ရက်၊ ဘရာဇီးလျား)

မြန်မာသံရုံး၊ ဘရာဇီးလျားမြို့မှ သံအမတ်ကြီး ဦးအောင်ကျော်ဇံအား ဘရာဇီးလ်နိုင်ငံ၊ “Wiliam e o Mundo” (Wiliam and the World) သတင်းဌာနမှ အစီအစဉ်တင်ဆက်သူ Mr. Wiliam Gsaint သည် ၂၅-၈-၂၀၂၃ ရက်၊ (၁၄:၀၀) နာရီတွင် မြန်မာသံရုံးသို့လာရောက်၍ မြန်မာ့သမိုင်း၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးကဏ္ဍ၊ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမေးအဖြေကဏ္ဍရိုက်ကူးခဲ့ရာ သံအမတ်ကြီးမှ အသေးစိတ်ဖြေကြားခဲ့ပါသည်။

ယင်းနောက် သတင်းတင်ဆက်သူနှင့် ရိုက်ကူးသူတို့အား မြန်မာ့ရိုးရာအစား အသောက်ဖြစ်သည့် လက်ဖက်သုပ်နှင့် ရေနွေးကြမ်းတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး သံရုံးရှိ မြန်မာ့စောင်း၊ ရိုးရာပန်းချီကားချပ်များနှင့် လက်မှုပစ္စည်းများအကြောင်းကို ရှင်းလင်းပြသခဲ့ပါသည်။ 

Wiliam e o Mundo သတင်းဌာနသည် ၂၀၁၈ ခုနှစ်မှစ၍ ဘရာဇီးလ်နိုင်ငံအခြေစိုက် ပြည်ပသံရုံးများ/ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ သံတမန်ရေးရာလှုပ်ရှားမှုများ၊ ပြည်ပနိုင်ငံများနှင့် ဘရာဇီးလ်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေး၊ စီးပွားရေးနှင့်ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တင်ဆက်ထုတ်လွှင့်လျက်ရှိသည့် သတင်းဌာနတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။