(၂၁-၈-၂၀၂၅)
(၅၈)ကြိမ်မြောက် အာဆီယံနေ့အား ဂုဏ်ပြုသောအားဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်တွင် ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Mauro Luiz Iecker Vieira က ဘရာဇီးလျားမြို့အခြေစိုက်၊ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများအား ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ အဆိုပါနေ့လယ်စာစားပွဲသို့ အာဆီယံသံရုံးအကြီးအကဲများ၊ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Ambassador Maria Laura da Rocha ၊ အာရှနှင့် ပစိဖိတ် ရေးရာဌာန၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာ၊ တီထွင်ဆန်းသစ်မှုနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးဌာန၊ စီးပွားရေးနှင့် ဘဏ္ဍာရေးရာဌာနတို့မှ အတွင်းဝန်များ၊ ဘရာဇီးလ်- အာဆီယံ လွှတ်တော်အဖွဲ့မှ လွှတ်တော်အမတ်များ၊ အာဆီယံဆိုင်ရာ ဘရာဇီးလ်အထူးကိုယ်စားလှယ်နှင့် သမ္မတရုံးအထူး အကြံပေးအဖွဲ့နှင့် ဘရာဇီးလ်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့မှ တာဝန်ရှိသူများနှင့်အတူ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံ ပါဝင်တက်ရောက်ခဲ့ပါသည်။ နေ့လယ်စာစားပွဲ၌ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံ၏ကဏ္ဍအလိုက် မိတ်ဖက်ဆက်ဆံရေးနိုင်ငံဖြစ်သည့် ဘရာဇီးလ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဘရာဇီးလ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မည့် အလားအလာ ကောင်းများ ရှာဖွေသွားမည်ဖြစ်ကြောင်းနှင့် အာဆီယံနိုင်ငံများသို့လည်း ခရီးစဉ်များ ထပ်မံ သွားရောက်ရန် စီစဉ်ထားပါကြောင်း အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် အာဆီယံသံရုံးအကြီးအကဲများကိုယ်စား အာဆီယံ-ဘရာဇီးလျားကော်မတီ၏ ဥက္ကဋ္ဌ၊ ဘရာဇီးလ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Mr. Prak Nguon Hong က ယခုကဲ့သို့ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည့်အတွက် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးအား ကျေးဇူးတင်ရှိပါကြောင်းနှင့် အာဆီယံ-ဘရာဇီးလျားကော်မတီအနေဖြင့် အာဆီယံနှင့် ဘရာဇီးလ် နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဘရာဇီးလ်အစိုးရတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။ နေ့လယ်စာသုံးဆောင်ပြီးနောက် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံ သံရုံး အကြီးအကဲများနှင့် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

