(၂၉-၉-၂၀၂၅ ရက် ၊ ဘရပ်ဆဲလ်)
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် Credassur Group က ဘရပ်ဆဲလ်မြို့ရှိ Egmont Palace တွင် ၂၆-၉-၂၀၂၅ ရက်မှ ၂၉-၉-၂၀၂၅ ရက်အထိ စီစဉ်ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် ဥရောပ-အာဖရိက ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံရုံးယာယီ တာဝန်ခံ/ သံအမတ်ကြီးက Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး မြန်မာသံရုံးက မြန်မာ့ထွက်ကုန်နှင့် ယဉ်ကျေးမှုလက်ရာများအား ဖိုရမ်ပြင်ပတွင် ခင်းကျင်းပြသခဲ့ပါသည်။
အဆိုပါဖိုရမ်၌ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါက်တာခင်သီတာအေးသည် ကွန်ဂို၊ ဘူရွန်ဒီနှင့် တိုဂို စသည့် အာဖရိကနိုင်ငံများမှ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူများ၊ သံအမတ်ကြီးများ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် မော်လ်ဒိုက်သံရုံးမှ သံအမတ်ကြီး၊ အီးယူဆိုင်ရာ တရုတ်သံရုံးမှ သံအမတ်တို့နှင့်အတူ “ဥရောပ၊ အာဖရိကနှင့် အာရှ တို့အကြား North-South၊ South-South နှင့် Triangular ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသချင်း ချိတ်ဆက်ကုန်သွယ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အဟန့်အတားများ” ခေါင်းစဉ်များအောက်မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးမှုအတွင်း မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးနှင့်အဏ္ဏဝါသယံဇာတနှင့် နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသည့် အလုပ်လုပ်နိုင်စွမ်းရှိ လူဦးရေနှင့် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်နိုင်စွမ်းဖွံ့ဖြိုးရေးကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်ကင်းသည့် ထုတ်ကုန်ပစ္စည်းများ ဖြစ်စေရေး မူဝါဒချမှတ်ဆောင်ရွက်နေသည့်အတွက် ကမ္ဘာ့ စားရေရိက္ခာ ဖူလုံရေး၊ စားသောက်ကုန် ထောက်ပံ့ရေး ကွင်းဆက်များ ကြံ့ခိုင်ရေးတို့တွင် မြန်မာနှင့် ဥရောပ၊ အာဖရိက နိုင်ငံများ၏ ရှိရင်းစွဲ ဆက်သွယ်ဆောင်ရွက်မှုများကို တိုးမြှင့်ကာ ပံ့ပိုးမှုပြုနိုင်ပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် Climate Smart and Sustainable Agriculture ဖော်ဆောင်နိုင်ရေး၊ မိမိတို့ တောင်သူလယ်သမားများ ရာသီဥတုဒါဏ်ခံနိုင်သည့် မျိုးစေ့နှင့် စံမီ စိုက်ပျိုးရေးသွင်းကုန်များ ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်လုပ်ငန်းများ၊ ဒီဂျစ်တယ်နည်းပညာများကို ပိုမိုရင်းနှီးစွာ အသုံးပြုကာ အထွက်တိုးရေး၊ ရိပ်သိမ်းချိန်လွန် အလေအလွင့်လျှော့ချရေး နည်းနာများ၊ ဈေးကွက်ချဲ့နိုင်ရေး၊ ဈေးနှုန်းဆိုင်ရာ သတင်းအချက်အလက် များရရှိရေး၊ ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှုဆိုင်ရာ risks ရှောင်ရှားနိုင်မည့် နည်းလမ်းများဆိုင်ရာတို့တွင် စွမ်းရည်မြှင့်တင်နိုင်ရေးတို့တွင် ဥရောပနှင့် အာဖရိကနိုင်ငံများနှင့် ပူးပေါင်းကာ နည်းပညာ အကူအညီများ၊ ရင်းနှီးမြုပ်နှံမှုများဖြင့်လည်းကောင်း ပူးတွဲဆောင်ရွက်ခြင်းဖြင့် အကျိုးများနိုင်ပါကြောင်း သတင်းစကားပါးခဲ့ပါသည်။
မြန်မာသံရုံးအနေနှင့် ဖိုရမ်ပြင်ပတွင် မြန်မာ့ထွက်ကုန်များအား ခင်းကျင်းပြသခဲ့ပြီး ဖိုရမ် တက်ရောက်လာသူ ကိုယ်စားလှယ်များကို မြန်မာ့လက်ဘက်ရည်နှင့် ရိုးရာမုန့်များ တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

