ဘရပ်ဆဲလ်မြို့အခြေစိုက် Diplomatic World မဂ္ဂဇင်းမှ အမှုဆောင်အရာရှိချုပ်အား မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး လက်ခံတွေ့ဆုံ (၂၀-၈-၂၀၂၅ ရက်)

(၂၀-၈-၂၀၂၅ ရက်၊ ဘရပ်ဆဲလ်မြို့)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဒေါက်တာ ခင်သီတာအေးသည် ၂၀-၈-၂၀၂၅ ရက်တွင် ဘရပ်ဆဲလ်မြို့အခြေစိုက် Diplomatic World မဂ္ဂဇင်း မှ အမှုဆောင်အရာရှိချုပ် Mrs. Barbara Dietrich နှင့် အဖွဲ့ကို မြန်မာသံရုံးတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာသံအမတ်ကြီးက သံတမန်ရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှု ကဏ္ဍတို့တွင် မြန်မာသံရုံးအနေဖြင့် ဥရောပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မဏ္ဍိုင်ပြုကာ မြန်မာနှင့် အီးယူနိုင်ငံများ၏ ပြည်သူများ၏ အကျိုးစီးပွားအတွက် အလားအလာကောင်းများ ဖော်ထုတ်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် Diplomatic World မဂ္ဂဇင်းကဲ့သို့ အစဉ်အလာကြီးမားပြီး ဘယ်လ်ဂျီယံနှင့် အီးယူ မူဝါဒရေးဆွဲသူများ အသိုက်အဝန်း၌ ကွန်ရက်ချိတ်ဆက်ထားနိုင်သည့် အဖွဲ့အစည်းများမှ တစ်ဆင့် သတင်းစကားပါးလိုပါကြောင်းနှင့် ကနဉီးအနေဖြင့် မဂ္ဂဇင်းတွင် ဖော်ပြနိုင်ရေးအတွက် မြန်မာနှင့် အီးယူအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးဆိုင်ရာ အတွေးအမြင်ဆောင်းပါး (Op-Ed) တစ်ပုဒ် ရေးသားပေးပို့မည်ဖြစ်ကြောင်းနှင့် နောင်လာမည့် ကာလများတွင် အမေးအဖြေကဏ္ဍတွင် ပါဝင်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုအနုပညာနှင့် လက်မှုပစ္စည်းများ ဥရောပစျေးကွက်နှင့် တိုးမြှင့် မိတ်ဆက်နိုင်ခြင်းတို့တွင် Diplomatic World Institute နှင့်လည်းကောင်း၊ Mrs. Barbara Dietrich ဦးစီးသည့် World Business Angels Forum (WBAF) နှင့် Diplomatic World Global Arts Forum တို့နှင့်လည်းကောင်း လက်တွဲဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ပါသည်။ Diplomatic World မဂ္ဂဇင်းသည် ၂၀၀၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ သံခင်းတမန်ခင်းတို့ကို အထူးပြု ရေးသားဖော်ပြလျက်ရှိကာ ဘယ်လ်ဂျီယံ တော်ဝင်မိသားစုနှင့် အစိုးရအဖွဲ့ဝင်များ၊ ဥရောပ ကောင်စီ၊ ဥရောပကော်မရှင်နှင့် မူဝါဒရေးရာ အသိုက်အဝန်းမှ တာဝန်ရှိသူများ၊ ဥရောပ ပါလီမန်အမတ်များ၊ ဘယ်လ်ဂျီယံအခြေစိုက် သံရုံး၊ အဖွဲ့ရုံးများ၊ ထင်ရှားသော သုတေသန အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများ၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများထံ တစ်နှစ် (၄) ကြိမ် ထုတ်ဝေဖြန့်ချိလျက်ရှိပါသည်။ အမှုဆောင်အရာရှိချုပ် Mrs. Barbara Dietrich သည် မဂ္ဂဇင်း၏ အောင်မြင်မှုနှင့် ၎င်း၏ ဦးဆောင်မှုစွမ်းရည်အတွက် ၂၀၂၄ ခုနှစ်၊ European Women’s Leadership Award (EWILA) ကို ရရှိခဲ့ပါသည်။