(၉-၈-၂၀၂၅ ရက်၊ ဘရပ်ဆဲလ်)
ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများ၏ (၅၈) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားကို ၉-၈-၂၀၂၅ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ အင်ဒိုနီးရှား ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါက်တာခင်သီတာအေး ဦးဆောင်သည့် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် အာဆီယံသံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ သံရုံးဝန်ထမ်း များနှင့် မိသားစုဝင်များအပြင် ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂ ပြင်ပဆက်ဆံရေးဌာနမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာသံရုံးအနေနှင့် မြန်မာ့ရိုးရာ မုန့်ဟင်းခါး၊ ဆနွင်းမကင်းတို့နှင့် တည်ခင်းဧည့်ခံခဲ့ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု လက်မှုလက်ရာများကို ခင်းကျင်းပြသခဲ့ပါသည်။ ထို့အပြင် မြန်မာသံရုံးမှ သံရုံးဝန်ထမ်းများက မြန်မာတိုင်းရင်းသားရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ “Come to Myanmar-The Golden Land” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အာဆီယံမိသားစုဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် ပြည်တွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုသာမက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကာ အာဆီယံတွင် အစဉ်လက်တွဲ ပူးပေါင်းပါဝင်လျက်ရှိကြောင်း သတင်းစကားပါးခဲ့ကြောင်း သိရှိရပါသည်။

