ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဘရပ်ဆဲလ်အခြေစိုက် အာဆီယံသံရုံးများနှင့် အီးယူဆိုင်ရာ အဖွဲ့ရုံးများ၊ အီးယူအဖွဲ့အစည်းများအကြား ကျင်းပသည့် အာဆီယံ-အီးယူ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း

(၂၇-၇-၂၀၂၀ ရက်၊ ဘရပ်ဆဲလ်မြို့)

ဘရပ်ဆဲလ်အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ/ သံရုံးအကြီးအကဲများနှင့် အီးယူအဖွဲ့ဝင် အလှည့်ကျဥက္ကဋ္ဌ ဂျာမနီနိုင်ငံနှင့် လာမည့် ၂၀၂၁ အတွက် အလှည့်ကျဥက္ကဋ္ဌများဖြစ်သည့် ပေါ်တူဂီနှင့် ဆလိုဗီးနီးယားနိုင်ငံတို့မှ အီးယူဆိုင်ရာ သံအမတ်ကြီးများ၊ ဥရောပကော်မရှင်မှ ဥရောပသမဂ္ဂ ပြင်ပဆက်ဆံရေးဌာန၊ ကုန်သွယ်မှုဆိုင်ရာဌာန၊ ဖွံ့ဖြိုးတိုးတက်မှုအကူအညီပေးရေးဌာန၊ ရွေ့လျားသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူးများအကြား မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို ဘရပ်ဆဲလ်မြို့ရှိ Sofitel Brussels ဟိုတယ်၌ ၂၃-၇-၂၀၂၀ ရက်၊ ညနေပိုင်းတွင် ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်မှ တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲ၌ အင်ဒို-ပစိဖိတ်ဒေသအတွင်း နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ ကမ္ဘာ့နိုင်ငံအသီးသီး၌ COVID -19 ကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်များရှိနေစဉ် အာဆီယံ-အီးယူအကြား connectivity ပြန်လည်မြှင့်တင်နိုင်မည့် အလားအလာများ၊ COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများ၌ ပူးပေါင်းဆောင်ရွက်နိုင်မှုအလားအလာ၊ အီးယူခေါင်းဆောင်များ အတည်ပြုပြီးဖြစ်သည့် ယူရို ၁.၈ ထရီလီယံတန်ဖိုးရှိ စီးပွားရေးကုစားမှု ရန်ပုံငွေတွင် ပါဝင်သည့် ချေးငွေများကို အရင်းအနှီးဈေးကွက်မှ ချေးယူဆောင်ရွက်ပြီးနောက် အီးယူအဖွဲ့ဝင်နိုင်ငံများမှ ပြန်လည်ထည့်ဝင်ရာတွင် ကာဗွန်ထုတ်လွှင့်မှုဆိုင်ရာ အခွန်၊ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အခွန်များမှတစ်ဆင့် ကောက်ခံထည့်ဝင်သွားမည့် နည်းလမ်းများ ဆောင်ရွက်လာနိုင်ဖွယ် အလားအလာရှိမှုနှင့် ယင်းသို့ ဆောင်ရွက်မှုကြောင့် အီးယူ၏ ကုန်သွယ်ဖက် တတိယနိုင်ငံများအပေါ် အကျိုးသက်ရောက်နိုင်မှု စသည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။