(၄-၃-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာနက ဘတ်ဂျက်စီမံခန့်ခွဲမှု ထိရောက်ရေး နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၄) ရက် (ဗုဒ္ဓဟူးနေ့) နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နှီးနှောဖလှယ်ပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ပြည်ပရှိ မြန်မာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံအရာရှိ များလည်း Zoom Platform ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် “သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် ဘတ်ဂျက်ရေးဆွဲရာတွင် လိုက်နာ ရမည့်အချက်များ” ခေါင်းစဉ်ဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့စိုးကလည်းကောင်း၊ “သာမန်အသုံးစရိတ် ဘတ်ဂျက်လျာထားမှုနှင့် ငွေစာရင်းခေါင်းစဉ်များအလိုက် ရုံးလုပ်ငန်းအသုံးစရိတ်များ ရေးဆွဲခြင်း” ခေါင်းစဉ်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လင်းဦးကလည်းကောင်း၊ အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
နေ့လယ်ပိုင်းတွင် “ငွေလုံးငွေရင်းအသုံးစရိတ်လျာထားခြင်းနှင့် သုံးစွဲဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသော်တာအောင်ကလည်းကောင်း၊ “ငွေလုံးငွေရင်း အသုံးစရိတ်လျာထားဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များ” ခေါင်းစဉ်ဖြင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျင်ဌေး ကလည်းကောင်း၊ “ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်” ခေါင်းစဉ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်အေးအေးမောကလည်းကောင်း၊ “ဘတ်ဂျက်အသုံးစရိတ်များအား စာရင်းစစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်ကလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးကိုကိုကျော်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး နှီးနှောဖလှယ်ပွဲကို ရုပ်သိမ်းခဲ့ပါသည်။






