ဗြိတိန်နိုင်ငံရောက် ကရင်တိုင်းရင်းသားများ ဦးဆောင်ကျင်းပသည့် ကရင်နှစ်သစ်ကူး မိတ်ဆုံစားပွဲ အခမ်းအနားသို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်

(၁၅-၁-၂၀၂၀ ရက်၊ လန်ဒန်မြို့)

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျရောက်ခဲ့သော ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံရောက် ကရင်တိုင်းရင်းသားများ ဦးဆောင်ကျင်းပသည့် ကရင်နှစ်သစ်ကူး မိတ်ဆုံစားပွဲ အခမ်းအနားအား ၁၁-၁-၂၀၂၀ ရက်နေ့တွင် လန်ဒန်မြို့၊ Woodberry Down Baptist Church ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း တက်ရောက်ပြီး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ ကရင်နှစ်သစ်ကူး အထိမ်းအမှတ်မိတ်ဆုံစားပွဲ အခမ်းအနားသို့ ကရင်တိုင်းရင်းသား များသာမက မြန်မာနိုင်ငံမှ တိုင်းရင်းသားပေါင်းစုံ တက်ရောက်အားပေးခဲ့ကြကာ အခမ်းအနားတွင် ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် ကရင်ရပ်မိရပ်ဖများက ဆုတောင်းစကား ပြောကြားခဲ့ကြပြီး ကရင်ရိုးရာအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ နေ့လယ်စာအဖြစ် ကရင်အစားအစာ များအပြင် မြန်မာတိုင်းရင်းသား အစားအစာမျိုးစုံတို့ဖြင့် တက်ရောက်လာသူများ ပျော်ရွှင်စွာ သုံးဆောင်ခဲ့ကြပါသည်။ မြန်မာသံရုံးကလည်း ကရင်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အစားအသောက်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရှိရပါသည်။