(၁၈-၄-၂၀၂၆ ရက်၊ ပေကျင်း)
မြန်မာသံရုံး၊ ပေကျင်းမြို့သည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၏ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည့် ၁၇-၄-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပေကျင်းမြို့ လင်ကွန်းကျောင်းတိုက်၌ မြန်မာ့ရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် တရားနာယူခြင်းနှင့် စတုဒီသာအလှူ ပြုလုပ်ခြင်းအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ တရုတ်နိုင်ငံ၌ ပညာသင်ရောက်ရှိနေကြသော မြန်မာ ပညာတော်သင် ကျောင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ စုစုပေါင်း ၂၅၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ်အရ သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးနှင့်ဇနီးတို့မှ ဦးဆောင်ကာ ဩကာသကန်တော့ချိုးဖြင့်ကန်တော့၍ ဆရာတော်များမှ တရားဒေသနာတော်များ ရွတ်ဆိုပူဇော်ပေး ပြီး သံအမတ်ကြီးနှင့်ဇနီး၊ သံရုံးစစ်သံရုံးဝန်ထမ်းနှင့် မိသားစုဝင်များ တက်ရောက်လာသည့် ဧည့်သည်တော်များမှ နဝကမ္မအလှူတော်ငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါ သည်။ ဆက်လက်၍ သံအမတ်ကြီးမှ နှစ်သစ်ကူး ဆုတောင်းစကားပြောကြားခဲ့ပြီး ကြွရောက်လာသည့် ဧည့်သည်တော်များအားလုံးကို မြန်မာသံရုံး၊ စစ်သံရုံးမှ လှူဒါန်းသည့် မြန်မာ့ရိုးရာအစားအစာများဖြစ်သော ဆီထမင်း၊ ကြာဇံကြော် နှင့် သစ်သီးတို့ဖြင့် စတုဒိသာအလှူ ကျွေးမွေးလှူဒါန်းခဲ့ကာ လင်ကွန်းကျောင်းတိုက်၌ ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမြော်ခဲ့ကြကြောင်း သိရှိရပါသည်။





