(၂၈–၁၁–၂၀၂၂ ရက်၊ ဗီယင်နာ)
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ၂၈–၁၁–၂၀၂၂ ရက်၌ ကျင်းပသော ဗီယင်နာအခြေစိုက် International Anti-Corruption Academy (IACA) ၏ (၁၁)ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများညီလာခံသို့ ဗီယင်နာမြို့အခြေစိုက်ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ညီလာခံတွင် အစည်းအဝေး အစီအစဉ်ပါ အဖွဲ့ဝင်နိုင်ငံများ၏ General discussion အပိုင်း၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာကွန်ဗင်းရှင်း (UNCAC) သို့ ၂၀၁၂ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သောအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်များတွင် ပြည်သူများ၏ အသိဉာဏ်နှင့်စွမ်းဆောင်ရည် တိုးမြင့်ရေးအတွက် IACA က ပံ့ပိုး ဆောင်ရွက်ပေးနိုင်မည် ဟူသော ယုံကြည်ချက်ဖြင့် မြန်မာနိုင်ငံသည် IACA သို့ ၂၀၁၉ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့မှု၊ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂–၂၀၂၅)ကို ရေးဆွဲချမှတ်ထားပြီး၊ နှစ်အလိုက် Action Plan ရေးဆွဲလျက် နိုင်ငံအတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၊ အသိပညာ ပေးခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိမှု၊ အသိပညာပေးရေးကို သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့်လည်းကောင်း၊ ကော်မရှင်၊ နိုင်ငံဝန်ထမ်း တက္ကသိုလ်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများက ဖွင့်လှစ်ပို့ချသော သင်တန်းများတွင် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍လည်းကောင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ (၁၄)ခု တို့တွင် အဂတိလိုက်စားမှုကာကွယ်ရေးအဖွဲ့များ (CPU) ဖွဲ့စည်းပြီးစီးမှု၊ အများပြည်သူထံမှ တုံ့ပြန့်မှု ရယူခြင်း အစီအစဉ်ဆောင်ရွက်နေမှုနှင့် ရာထူးကြီးငယ်မရွေး အဂတိလိုက်စားမှုများကို စုံစမ်း ဖော်ထုတ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံအနေဖြင့် UNODC နှင့်လည်းကောင်း၊ ဒေသတွင်း၌ ASEAN-PAC အတွင်းမှ အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့်လည်းကောင်း၊ ဗီယက်နမ်၊ထိုင်း၊ လာအို၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ကမ္ဘောဒီယား နိုင်ငံများနှင့် နှစ်နိုင်ငံချင်း MoU များ လက်မှတ်ရေးထိုး၍လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး၊ ဒိန်းမတ်နိုင်ငံနှင့်လည်း LOI လက်မှတ်ရေးထိုးထားပါကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။
ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံအများအပြားမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး၊ IACA ၏ ရုံးလုပ်ငန်းဆိုင်ရာတိုးတက်မှုများ၊ ၂၀၂၁–၂၀၁၄ လုပ်ငန်းစီမံချက်အကောင်အထည်မှုအခြေအနေ၊ အဂတိ လိုက်စားမှုကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် လက်ရှိအခြေအနေနှင့် ပြောင်းလဲလာသော အခြေအနေများနှင့် စိန်ခေါ်မှုများ၊ ၂၀၂၃ ခုနှစ်အတွက် ဘတ်ဂျက်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီးနောက်၊ Measurement of Corruption နှင့် General Matters ဆိုင်ရာ Resolution (၂)ခုကို ချမှတ်အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။




