ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဗုဒ္ဓနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်(၅-၅-၂၀၂၃ ရက်)

(၅-၅-၂၀၂၃ ရက်၊ ဗီယင်နာ)

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ၅-၅-၂၀၂၃ ရက်တွင် Vienna International Centre ၌ကျင်းပသော ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနား (Commemoration of the Day of Vesak) သို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ  Vesak Day အခမ်းအနားကို ဗီယင်နာမြို့ အခြေစိုက် သီရိလင်္ကာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ထိုင်းအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့က  United Nations Information Service (UNIS) ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အစီအစဉ်အရ ရှေးဦးစွာ သီရိလင်္ကာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး H.E. Mr. Majintha Jayesinghe က အဖွင့်အမှာစကားပြောကြားခြင်း၊ United Nations Office at Vienna (UNOV)၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Dennis Thatchaichawalit က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဗုဒ္ဓနေ့ဆိုင်ရာ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ ထိုင်းအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ Mr. Cheevindh Nathalang နှင့် Austrian Buddhist Union ဥက္ကဋ္ဌ Mr. Gerhard Weißgrab တို့က အမှာစကားများ ပြောကြားခြင်း၊ ဩစတြီးယားနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှု ရောက်ရှိသည့် နှစ် (၄၀) ပြည့် အထိမ်းအမှတ်အဖြစ် မလေးရှားသံအမတ်ကြီးဟောင်း Dato’ Dr. G. K. Ananda Kumaraseri ရေးသားသော “The Universal Lotus Greeting: The New Normal” စာအုပ်အား မိတ်ဆက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ဗီယင်နာမြို့ရှိ သီရိလင်္ကာဘုန်းကြီးကျောင်း “Dhammazentrum Nyanaponika” ၏ ကျောင်းထိုင်ဆရာတော် Most Venerable Dr. Vijayarajapura Seelawansa က မြတ်ဗုဒ္ဓ၏ သတိပဋ္ဌာန်တရားကိုဟောကြား၍ တက်ရောက်လာသူအားလုံးအား လက်တွေ့ အာနာပါန ကမ္မဋ္ဌာန်းတရားအားထုတ်မှုကို သင်ကြားပြသပေးခဲ့ကြောင်း သိရှိရပါသည်။