ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက အာဆီယံ-ဗီယင်နာ ကော်မတီ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို (၆)လတာ အောင်မြင်စွာထမ်းဆောင်ပြီးစီး(၁၈-၁-၂၀၂၃ ရက်)

(၁၈-၁-၂၀၂၃ ရက်၊ ဗီယင်နာ)

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး သည် အာဆီယံ-ဗီယင်နာကော်မတီ (ASEAN Vienna Committee-AVC) အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အောင်မြင်စွာ ထမ်းဆောင်ပြီးစီးခဲ့ပြီးနောက်၊ (၅၈)ကြိမ်မြောက် အာဆီယံ-ဗီယင်နာကော်မတီအစည်းအဝေးကို ၁၈-၁-၂၀၂၃ ရက်တွင် မြန်မာသံအမတ်ကြီးနေအိမ်၌ ကျင်းပပြုလုပ်လျက်၊ မြန်မာသံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ် ဦးမင်းသိမ်းက အာဆီယံ-ဗီယင်နာကော်မတီအလှည့်ကျဥက္ကဋ္ဌတာဝန် (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ) ကို ထိုင်းနိုင်ငံသံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ် H.E. Ms. Vilawan Mangklatanakul ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးက အာဆီယံ-ဗီယင်နာကော်မတီအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း AVC အနေဖြင့် ဩစတြီးယားနိုင်ငံနှင့် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအကြားတွင် အာဆီယံ၏ပုံရိပ်ကို မြှင့်တင်နိုင်ရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အတွက် (၅၅) နှစ်မြောက်အာဆီယံထူထောင်ခြင်းအထိမ်းအမှတ်အဖြစ် အာဆီယံနေ့ (ASEAN Day) အခမ်းအနားကို ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများရုံးစိုက်ရာ Vienna International Centre တွင်လည်းကောင်း၊ ASEAN Family Day ကို ဒိုနောင်းပန်းခြံတွင်လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ထို့ပြင် အာဆီယံ-ဗီယင်နာ ကော်မတီလှုပ်ရှားမှုအဖြစ် Linz မြို့ရှိ Johannes Kepler University တွင် ကျင်းပသည့် ASEA-UNINET Panel Discussion သို့ ပါဝင်တက်ရောက်ဆွေးနွေးနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးအပြီးတွင် မြန်မာသံအမတ်ကြီးက ဗီယင်နာမြို့အခြေစိုက် အာဆီယံသံရုံး/ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ သံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ်များ၊ သံရုံး/ အဖွဲ့ရုံးယာယီတာဝန်ခံများနှင့် Working Group အဖွဲ့ဝင်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။