(၂-၂-၂၀၂၆၊ ဗီယင်နာ)
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့(International Narcotics Control Board-INCB) က မကြာမီ ထုတ်ဝေမည့် ၂၀၂၅ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာနှင့် အစပျိုးဓာတုပစ္စည်းဆိုင်ရာအစီရင်ခံစာများနှင့်ပတ်သက်သည့် ရှင်းလင်းပွဲကို ၂-၂-၂၀၂၆ ရက် တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့သည်။
ရှင်းလင်းပွဲတွင် INCB ဥက္ကဋ္ဌက အစီရင်ခံစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီးနောက်၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဦးစားပေးဆောင်ရွက်နေမှု၊ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းရာချီတန်ဖိုးရှိသော မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့မှု၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် အဆိုပါဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့မှု၊ ဘိန်းစိုက်ခင်းများစွာကိုဖျက်ဆီးနိုင်ခဲ့မှု၊ ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွှဲတင်သွင်းမှုကို ထိရောက်စွာ တားဆီး နိုင်ရန် “ ဆိပ်ကမ်း တစ်ခုတည်းမှ ဝင်/ထွက်ခွင့်ပြုသည့်စနစ်” ကို ကျင့်သုံးဆောင်ရွက်နေမှု၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်အနီး၌ မူးယစ်ဆေးဝါး နှိမ်နှင်းရေး အထူးစစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာတွင် အကြီးမားဆုံး မူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာများ ရှာဖွေဖော်ထုတ်နိုင်ခဲ့မှု၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် စိန်ခေါ်မှုများစွာ ရှိနေသေးမှု တို့ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမြဲတမ်းကိုယ်စားလှယ်က မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် အစပျိုးဓာတုပစ္စည်းများမှာ ပြည်တွင်းထွက်ကုန်မဟုတ်ဘဲ ပြည်ပမှ မှောင်ခိုတင်သွင်းလာခြင်းဖြစ်သောကြောင့် ယင်းထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး၊ INCB၊ UNODC နှင့် အခြားသက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပါသည်။


