ဗီယက်နမ်နိုင်ငံ Thanh Hoa ပြည်နယ်ရှိ သန္တိသုခဝိဟာရကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် ကထိန်လျာ သင်္ကန်းကပ်လှူပူဇော်ပွဲသို့တက်ရောက်၍ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ (မြန်မာ-ရိုမန်) ပါဠိတော်ကျမ်း စာအုပ်များ လှူဒါန်း

(၃-၁၁-၂၀၂၅ ရက်၊ ဟနွိုင်း)

ဗီယက်နမ်နိုင်ငံ၊ Thanh Hoa ပြည်နယ်ရှိ သန္တိသုခဝိဟာရကျောင်းတိုက်၌ ကထိန်လျာသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲအား ဗီယက်နမ်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိက္ခဉာဏ၊ မြန်မာနိုင်ငံမှ ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသနှင့် ဘဒ္ဒန္တထေရိန္ဒာလင်္ကာရတို့က အမှူးပြုလျက်၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းနှင့် ဇနီး၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မြင့်ထွန်းနိုင်နှင့် ဇနီး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှ ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းနှင့် ဇနီးတို့သည် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က လှူဒါန်းသည့် မြန်မာ-ရိုမန်အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံပါဠိတော်ကျမ်းစာအုပ်များအား ဗီယက်နမ် ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တတိက္ခဉာဏထံသို့ ဦးစွာဆက်ကပ်လှူဒါန်းကာ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်း မိသားစုများက ကျောင်းတိုက်ရှိ ဆရာတော်အရှင်သူမြတ်များ၊ သာမဏေများနှင့် သီလရှင်များအား ကထိန်သင်္ကန်း၊ နဝကမ္မအလှူငွေများ၊ စာရေးကိရိယာလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။