(၅-၁၀-၂၀၂၆၊ ဟနွိုင်း)
ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဟနွိုင်းမြို့ ပြည်သူ့ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဒုတိယအကြိမ် နိုင်ငံတကာယဉ်ကျေးမှုပွဲတော် (2nd Cultures of the World Festival in Hanoi 2026) ကို ဟနွိုင်းမြို့၊ Thang Long Imperial Citadel ၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ဟနွိုင်းမြို့နှင့် မြန်မာနိုင်ငံမှ ယဉ်ကျေးမှုအနုပညာအဖွဲ့တို့က ပါဝင်ဆင်နွှဲခဲ့ပါသည်။
အဆိုပါ ယဉ်ကျေးမှုပွဲတော် ဖွင့်ပွဲအခမ်းအနားအား ၁-၁၀-၂၀၂၆ ရက်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအတွင်းရေးမှူးနှင့် ဒုတိယဝန်ကြီးချုပ် Ms. Pham Thi Thanh Tra၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီး Ms. Lam Thi Phuong Thanh တို့မှ ဦးဆောင်ဖွင့်လှစ်ပေးခဲ့ပြီး ဟနွိုင်းမြို့အခြေစိုက် နိုင်ငံခြားသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကာ သံရုံး/ နိုင်ငံတကာအဖွဲ့အစည်း ၅၀ ရုံးမှ ယဉ်ကျေးမှုပြခန်း ၄၅ ခန်း၊ အစားအစာပြခန်း ၃၅ ခန်းနှင့် နိုင်ငံတကာအနုပညာအဖွဲ့ ၁၉ ဖွဲ့တို့ ပါဝင်ဆင်နွှဲ ပြသခဲ့ကြပါသည်။
မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ သံအမတ်ကြီး ဦးဝေလင်းနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်မင်းနှင့် မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှ ဝန်ထမ်းမိသားစုများသည် ယဉ်ကျေးမှုပြခန်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်မှုနှင့် ကျောက်စိမ်းလက်ဝတ်ရတနာများ မိတ်ဆက်ပြသခြင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များ၊ လက်ကမ်းစာစောင်များနှင့် ဗီဒီယိုမှတ်တမ်းများကို ဖြန့်ဝေ/ ပြသခြင်း၊ အစားအစာပြခန်းတွင် မြန်မာ့ရိုးရာ အစားအစာများနှင့် မြန်မာဘီယာတို့ကို မိတ်ဆက်ရောင်းချခြင်းတို့ဖြင့် တက်ကြွစွာ ပါဝင် ဆင်နွဲခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် မြန်မာနိုင်ငံ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အနုပညာအကအဖွဲ့သည် ပွဲတော်ကာလအတွင်း ယဉ်ကျေးမှုဖျော်ဖြေတင်ဆက်မှု အစီအစဉ်များတွင် ပါဝင်ခဲ့ပြီး ၄-၁၀-၂၀၂၆ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပွဲတော်ပိတ်ပွဲအခမ်းအနားတွင် ပျော်ရွှင်မြူးကြွား ပခန်းမြို့စား အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။
ယခုနှစ်ပွဲတော်သည် ဗီယက်နမ်နိုင်ငံ၏ UNESCO အဖွဲ့ဝင်ဖြစ်ခြင်း ၅၀ နှစ်မြောက် အထိမ်းအမှတ်ကာလနှင့်လည်း တိုက်ဆိုင်ခဲ့ပြီး၊ ယဉ်ကျေးမှုကွဲပြားမှုများကို လေးစားတန်ဖိုးထားခြင်း၊ နိုင်ငံအသီးသီးအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို အားပေးမြှင့်တင်ခြင်းတို့အတွက် အရေးပါသော အခွင့်အလမ်းတစ်ရပ်ဖြစ်ခဲ့ပါသည်။





