(၂၉-၈-၂၀၂၅ ရက်၊ ဟနွိုင်း)
ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်း သည် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Denny Abdi အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်၊ ၁၀၀၀ နာရီအချိန်တွင် ဟနွိုင်းမြို့ရှိ အင်ဒိုနီးရှားနိုင်ငံသံရုံး၌ သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် အာဆီယံ မူဘောင်အောက်တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ နှစ်နိုင်ငံအကျိုးစီးပွားကိုဖော်ဆောင်သွား နိုင်ရေးတို့ကို ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး က မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများကို အသိပေးဆွေးနွေးခဲ့ကြပြီးနောက် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာ့ရိုးရာအမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

