ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယာယီနိုင်ငံခြားရေးဝန်ကြီးအား စုပေါင်းတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ပါဝင်တက်ရောက် (၁၂-၉-၂၀၂၅ ရက်)

(၁၂-၉-၂၀၂၅၊ ဟနွိုင်း)

ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းသည် ဗီယက်နမ် ယာယီနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ လေဟွိုင်ချုံး အား ဟနွိုင်းမြို့အခြေစိုက် အခြားအာဆီယံသံရုံးများ နှင့် တီမောလက်စ်တေနိုင်ငံသံရုံးတို့မှ သံရုံးအကြီးအကဲများနှင့်အတူ ၁၁-၉-၂၀၂၅ ရက်တွင် ဗီယက်နမ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၌ စုပေါင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှု၌ ယာယီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံးက ဗီယက်နမ်နိုင်ငံ၏ လက်ရှိလူမှုစီးပွားရေးဆိုင်ရာ အောင်မြင်မှုများ၊ အနာဂတ် နိုင်ငံရေးနှင့်သံတမန်ရေးရာဆိုင်ရာ မူဝါဒ အခင်းအကျင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ဗီယက်နမ်အစိုးရက ၎င်း၏ နိုင်ငံခြားရေး မူဝါဒဖော်ဆောင်ရာတွင် အာဆီယံကိုဦးစားပေးကဏ္ဍ၌ထားရှိကာ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် ကတိကဝတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံ ဆွေးနွေးမှုသို့ တက်ရောက်လာသည့် အာဆီယံသံရုံးအကြီးအကဲများကလည်း ယာယီနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ လေဟွိုင်ချုံးအား ယခုကဲ့သို့ခန့်အပ်ခံရသည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်းဖြင့် ပြောကြားခဲ့ကြပြီးနောက် ဗီယက်နမ်နိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Dato Tan Yang Thai က ဟနွိုင်းအခြေစိုက် အာဆီယံ သံရုံးများအနေဖြင့် ဗီယက်နမ်နှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖော်ဆောင်သွားမည့်အပြင် အာဆီယံ အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်များတိုးမြှင့်ဖော်ဆောင်သွားရန် ကတိကဝတ်ပြုပါကြောင်းဖြင့် အာဆီယံသံရုံးအကြီးအကဲများကိုယ်စား ပြောကြားခဲ့ပါသည်။