ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် တတိယအကြိမ် အိန္ဒိယသမုဒ္ဒရာညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် (၃၁-၈-၂၀၁၈ ရက်၊ နေပြည်တော်)

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည့် တတိယအကြိမ် အိန္ဒိယသမုဒ္ဒရာ ညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။

ယင်းအိန္ဒိယသမုဒ္ဒရာညီလာခံသို့ နိုင်ငံပေါင်း (၃၅) နိုင်ငံမှ ပါဝင်တက်ရောက်ခဲ့ပြီး၊ (၂၅) နိုင်ငံမှ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့သည်။ ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ စင်ကာပူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့မှ အမှာစကားများ ပြောကြားခဲ့ကြပါသည်။

တတိယအကြိမ် ညီလာခံမှ ဒေသအတွင်း ပေါင်းစပ်ဆက်သွယ်မှု မြှင့်တင်သွားရေး၊ ပြည်သူအချင်းချင်း ပိုမိုထိတွေ့ဆက်ဆံမှု မြှင့်တင်သွားရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပင်လယ်ရေကြောင်း ဆိုင်ရာ အသိအမြင် မြှင့်တင်ရေး၊ ပင်လယ်အတွင်း ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး၊ သမုဒ္ဒရာအတွင်းရှိ သဘာဝ သယံဇာတများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အမင်း ထုတ်ယူသုံးစွဲနေမှုများ လျော့ချသွားရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေအသုံးပြုရေး၊ အိန္ဒိယသမုဒ္ဒရာအား အနာဂတ်၌ အဓိကကျသည့် ပင်လယ် ရေကြောင်းဆိုင်ရာ အဝေးပြေးလမ်းမကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာရေးနှင့် ဒေသတွင်းနိုင်ငံများအကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဦးစားပေးကဏ္ဍများအဖြစ် သတ်မှတ် ဆွေးနွေးခဲ့ကြပါသည်။

တတိယအကြိမ် အိန္ဒိယသမုဒ္ဒရာညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးနှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဌ ဦးညွန့်မောင်ရှိန်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။