ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ မစ္စတာ တိုလန်း က ဟနွိုင်းမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများအား ၄-၈-၂၀၂၆ ရက်တွင် သမ္မတရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ရာ မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ သံအမတ်ကြီး ဦးဝေလင်း ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ပါတီအထွေထွေအတွင်းရေးမှူးနှင့် သမ္မတ မစ္စတာ တိုလန်း က အာဆီယံတည်ထောင်ခဲ့သည့် ၅၉ နှစ်တာကာလအတွင်း အောင်မြင်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အာဆီယံနိုင်ငံများအနေဖြင့် အနာဂတ်တွင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အပြန်အလှန်ယုံကြည်မှုကို အခြေခံကာ စုစည်းညီညွတ်စွာဖြင့် ရင်ဆိုင်ဖြေရှင်းသွားရန်၊ အာဆီယံဒေသတွင်း စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်ရန်နှင့် အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို ပိုမိုခိုင်မာစေပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ဖော်ဆောင်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုသို့ တက်ရောက်လာသည့် အာဆီယံသံရုံးအကြီးအကဲများကိုယ်စား ဗီယက်နမ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးက မစ္စတာ တိုလန်း အား ပါတီအထွေထွေအတွင်းရေးမှူးနှင့် သမ္မတအဖြစ် ခန့်အပ်ခံရမှုအတွက် ဝမ်းမြောက်ကြောင်း၊ အာဆီယံသံရုံးများအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖော်ဆောင်သွားမည့်အပြင် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားရန် ကတိကဝတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။



