ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးအား သွားရောက်တွေ့ဆုံ

(၃-၁၂-၂၀၁၉၊ မနီလာမြို့)

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E Mr. Teodoro Locsin Jr. အား ၂၉-၁၁-၂၀၁၉ ရက်၊ ညနေ ၀၄၀၀ နာရီတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက် ဂါရ၀ပြုတွေ့ဆုံခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံရာတွင် သံအမတ်ကြီးက နိုင်ငံတကာစာမျက်နှာတွင် မြန်မာနိုင်ငံကို ဖိလစ်ပိုင်နိုင်ငံမှ ထောက်ခံရပ်တည်ပေးနေသည့်အတွက် ကျေးဇူးဥပကာယတင်ရှိပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့် လုပ်ဆောင်လိုကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း၊ ဖိလစ်ပိုင်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော ဖိလစ်ပိုင်နိုင်ငံသားများမှ နိုင်ငံ၏ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ကူမှုပြုနေသည့်အချက်ကိုလည်း လေ့လာလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။