ဖနောင်ပင်မြို့တွင် ကျင်းပသည့် Mekong-Lancang Cooperation Week 2023 အခမ်းအနားသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်(၂၂-၃-၂၀၂၃ ရက်)

(၂၂-၃-၂၀၂၃ ရက်၊ ဖနောင်ပင်)
၂၀၂၃ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့တွင် ကျရောက်မည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် Mekong-Lancang Cooperation (MLC) Week 2023 အခမ်းအနားကို ၂၂-၃-၂၀၂၃ ရက်၊ (၀၉၀၀) နာရီတွင် ဖနောင်ပင်မြို့ရှိ The Commune ၌ ကျင်းပခဲ့ရာ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာသံတမန်များအပါအဝင် MLC အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များ၊ ဖိတ်ကြားထားသော ကမ္ဘောဒီးယားဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး ကမ္ဘောဒီးယားအမျိုးသားအတွင်းရေးမှူးချုပ်ရုံး(NSC-MLC)ဒုတိယဥက္ကဋ္ဌ H.E. Mr. Sok Soken က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်စတင်ခဲ့ချိန်မှ (၇)နှစ်တာကာလအတွင်း ရရှိခဲ့သည့် အောင်မြင်မှုများနှင့် အနာဂတ်မျှော်မှန်း ချက်များနှင့်ပတ်သက်၍ ကမ္ဘောဒီးယားအစိုးရ၏ ဝါရင့်အကြံပေး၊ NSC-MLC ဥက္ကဋ္ဌ H.E. Bundit Sapheacha Dr. Sok Siphana က ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ NSC-MLC ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ တို့က ပြန်လည်ဖြေကြားခဲ့ပါသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး မဲခေါင်-လန်ချန်း ရိုးရာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။